By The Trade Times, Shweproperty.com
Updated at 3 July 2015
ရန်ကုန်မြို့တော်အတွင်းရှိအချို့သော မြေကွက်များကို ဘိုးဘွားပိုင်မြေများဟုဆိုကာ အရောင်းအဝယ်ပြုလုပ်နေကြသော်လည်း အမှန်တကယ် ငွေပေးချေမှုပြုလုပ်ရန်အတွက် ပိုင်ဆိုင်မှုဆိုင်ရာအထောက်အထားများကို ပြန်လည်စိစစ်ရာ၌ သက်တမ်းပြတ်တောက်မှုပြဿနာများ အများအပြားကြုံတွေ့နေရကြောင်း ဥပဒေပညာရှင်များနှင့် အိမ်၊ခြံ၊မြေ အကျိုးဆောင်များထံမှ သတင်းရရှိသည်။
"ဘိုးဘွားပိုင်မြေလို့ ခေါ်တဲ့မြေကို ပိုင်ဆိုင်ထားသူတွေ တော်တော်များများက ဥပဒေနဲ့အညီသူတို့ မြေတွေက Active ဖြစ်နေလား၊ မဖြစ်တော့ဘူးလားဆိုတာမသိကြဘူး၊ ဘိုးဘွားပိုင်မြေ တကယ်ဆက်ပိုင် မပိုင်ဆိုတာကို ရန်ကုန် မြို့တော်စည်ပင်မှာ သွားစစ်ဆေးသင့်တယ်။ မြေခွန် မသွင်းဘာမသွင်းနဲ့ စာရင်းက ပြတ်တောက်နေတဲ့ မြေတွေလည်း အများကြီးရှိတာတွေ့ရလို့ အရောင်းအဝယ်လုပ်တဲ့အခါ ဘိုးဘွားပိုင်မြေလို့ခေါ်တဲ့ မြေကို သေသေချာချာ စိစစ်ပြီးမှ ဝယ်တာအကောင်းဆုံးပဲ" ဟုဝါရင့် တရားလွှတ်တော်ရှေ့နေ ဆရာဦးဌေးဝင်းကပြောသည်။
အထက်မြန်မာပြည်အတွက် မြေအသုံးချမှုများကို အင်္ဂလိပ်အစိုးရလက်ထက်ဖြစ်သည့် (၁၈၈၉)ခုနစ်၊ ဇူလိုင်လ (၁၃) ရက်တွင်သတ်မှတ် ပြဌာန်းခဲ့ပြီး အရာတော်မြေအဖြစ် (ယခုဘိုးဘွားပိုင်မြေ) သတ်မှတ်ရာ-- ယင်းဥပဒေ ပြဌာန်းခြင်း မပြုမီ (၁၂)နှစ် ဆက်တိုက်ယင်းမြေ နေရာတစ်ခုပေါ်တွင် နေထိုင်သောသူများအနေဖြင့် အထောက်အထားတစ်စုံတစ်ရာပြသနိုင်ခဲ့သည့် မြေကိုသတ်မှတ်ပေးခြင်းဖြစ်သည်။
အောက်မြန်မာနိုင်ငံအတွက် (၁၈၈၉)ခုနစ်၊ စက်တင်ဘာလ(၉)ရက် တွင်အင်္ဂလိပ်အစိုးရက ပြဌာန်းခဲ့သည့် မြေခွန်တော် လက်စွဲဥပဒေပါသတ်မှတ်ချက်အရ ယင်းဥပဒေပြဌာန်းသည့်ရက်ဧ။် (၁၂) နှစ်ထက် မနည်းသော ကာလတွင် လက်ဝယ်ရရှိထားသည့် မြေကို Free Land Holder နှင့် Land Holder Right အဖြစ်သတ်မှတ်ပေးခဲ့ပြီး ယင်းမြေများကို စဉ်ဆက်မပြတ် ပိုင်ဆိုင်ခဲ့သည့် ပုဂ္ဂိုလ်များအနေဖြင့် မြေပိုင်ဆိုင်မှု ခိုင်မာစေရန်အတွက် အစိုးရအဆက်ဆက်၌ မြေခွန်တော်များကိုပုံမှန်ထမ်းဆောင်စေခြင်း၊ လွှဲပြောင်းရောင်းချရာတွင်လည်း ဥပဒေကြောင်းအရ ယင်းမြေများဧ။် ပိုင်ဆိုင်မှုကိုတရားဝင်ဖြစ်အောင် ပြုလုပ်ပေးထားရန် လိုအပ်သည်။
"အခု ပြဿနာဖြစ်နေတာက ဝယ်တဲ့လူတွေက အဆောက်အအုံဆောက်ချင်လို့ ဝယ်ပြီး မြေပုံ မြေရာဇဝင်ထုတ်ကြတယ်။ စထုတ်ပေးတဲ့နာမည်နဲ့ အခုသူတို့ ရောင်းလိုက်တဲ့နာမည်က မတူတော့ မူလပိုင်ရှင်နာမည်ပြန်ပြောင်းခိုင်းတယ်။ နာမည်ပြောင်းဖို့ ကြိုးစားတော့လည်း သူ့မြေက သက်တမ်းပြတ်နေတာသွားတွေ့ရတယ်။ အဲဒီမှာ ပြဿနာတွေတက်တော့တာပဲ။ အခွန်မဆောင်တော့လို့ မြေစာရင်းမှာ ပြတ်တောက်ပြီးတော့မှ ကိုယ်ကပိုင်တယ်ဆိုပြီးအော်တာတွေအများကြီး တွေ့နေရတယ်" ဟု ၎င်းကပြောသည်။
ဘိုးဘွားပိုင်မြေများကို သက်တမ်းဆက်လက်တိုးနိုင်ရန်အတွက် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနတွင် သွားရောက်သက်တမ်းဆက်ကာ အခွန်ပေးသွင်းနိုင်ပြီး ဥပဒေပါပြဌာန်းချက်များအရ နှစ်နှစ်တိတိ ယင်းမြေများကို လက်လွတ်ဆုံးရှုံးပြီးဖြစ်ပါက ငါးနှစ်တာကာလအတွင်း ပိုင်ဆိုင်မှုနှင့် ပက်သက်ပြီး ပြန်လည်လျှောက်ထားရန် လိုအပ်သည့်အပြင် ငါးနှစ်ကျော်ကာလအထိ သက်တမ်း မတိုးမိပါက ယင်းမြေကို ပြန်လည်အရေးဆိုခွင့် ရရှိတော့မည် မဟုတ်ကြောင်း ပြဌာန်းထားရှိသည်။
"ကျွန်တော်တို့ ဘောက်ထော်ထဲမှာ ဘိုးဘွားပိုင်မြေတွေအများကြီးရှိပြီး ဘယ်သူမှလည်းအခွန်မဆောင်ကြပါဘူး။ ပျက်ပြယ်နေတဲ့ မြေတွေကို တွေ့နေရလို့ အရောင်းအဝယ်လုပ်တဲ့အခါ တော်တော်စကားပြောရတယ်" ဟုမိုးတိမ် အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းမှ ကိုကျော်ဝင်းကပြောသည်။
သို့သော် ယင်းဥပဒေ နှစ်ခုတွင် သီးခြားသက်သာခွင့်များ ပါရှိသဖြင့် ဘိုးဘွားပိုင်မြေဟုဆိုသည့် မြေများပေါ်တွင် နေထိုင်သူများအနေဖြင့် ပိုင်ဆိုင်မှုဆိုင်ရာအထောက်အထားများကို ပြန်လည်လျှောက်ထားရယူထားရန်လိုအပ်သည်။
Ref : The Trade Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ