By Myanmar Times, Shweproperty.com
Updated at 17 December 2015
လှည်းကူးမြို့နယ်အတွင်းရှိ နိုင်ငံပိုင် မြေကွက်လွတ်များပေါ်တွင် ငြိမ်းချမ်းရေး ရယူထားသည့် လက်နက်ကိုင် အဖွဲ့အစည်း များက နေရာချထားပေးသည်ဟုဆိုကာ အကွက်ရိုက်ရောင်းချမှုများ ရှိလာသည့် အတွက် သက်ဆိုင်ရာက တားဆီးနေရသည်ဟုလှည်းကူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစန်းအောင်က ဒီဇင်ဘာ ၁၄ ရက်တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။
"စိုက်ပျိုးရေးဦးစီးဌာနပိုင် မြေတွေ ကို ကျူးသမားတွေက ငြိမ်းချမ်းရေးအဖွဲ့ တွေကိုခေါ်လာပြီး နေစရာမရှိလို့ပါဆိုပြီး တစ်စတစ်စ ဝင်ကျုးလာတာ။ ဒီဇင်ဘာ ၁၂ ရက် နောက်ဆုံးထားပြီး ဖယ်ပေးဖို့ စာထုတ်ထားပါတယ်။ ရက်ကျော်သွားလို့ မဖယ်ဘူး ဆိုရင်တော့ ဌာနအစီအစဉ်နဲ့ ဖယ်သွားမယ်လို့ ထင်ပါတယ်။ ခန့်မှန်းတာကတော့ အကွက်ပေါင်း ၂,၅၀၀ လောက်ရှိမယ်။ လက်လွှဲလက်ပြောင်းနဲ့ ရောင်းစားနေကြ တာ" ဟု ၎င်းကပြောသည်။
အဆိုပါ မြေကွက်ရောင်းချမှုများနှင့် ပတ်သက်၍ နိုင်ငံပိုင်မြေပေါ်တွင် ကျုးကျော်နေထိုင်ကာ ကျောက်တိုင်များ စိုက်ထူခြင်း၊ တဲထိုးခြင်းများ ပြုလုပ်လာသည့်အတွက် နိုင်ငံပိုင်ပစ္စည်းမှတစ်ပါး အခြားပစ္စည်းများကို ဖယ်ရှားရှင်းလင်း၍ ၎င်းမြေပေါ်မှ ဒီဇင်ဘာ ၁၁ ရက် နောက်ဆုံး ထား ပြောင်းရွှေ့ပေးရန် လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအောက်ရှိ စိုက်ပျိုးရေးဦးစီးဌာနက စာထုတ်ပြန် ထားသည်။
နိုင်ငံတော်ပိုင် မြေဖြစ်သဖြင့် သတ်မှတ် ထားသည့်ရက်အတွင်း အကြောင်းကြား စာကို လိုက်နာရန် ပျက်ကွက်သူများကို တည်ဆဲဥပဒေနှင့်အညီ အရေးယူသွား မည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနက အသိပေးထားသည့်အပြင် မြေပိုင်ဆိုင်မှု တည်နေရာအနေအထား အရ မြောက်ဘက် တွင် ရန်ကုန်ျွမန္တလေး အမြန်လမ်းမကြီး၊ တောင်ဘက်တွင် သာယာ ကုန်းကျေးရွာ၊ အရှေ့ဘက်တွင် ကံ့ကော်ကျွန်ကျေးရွာနှင့် စခမ်းကြီးကျေးရွာ၊ အနောက်ဘက်တွင် ကျောက်အိုင်ကျေးရွာတို့ရှိပြီး အကျယ် အဝန်းအားဖြင့် စုစုပေါင်း ၁,၆၀၈ ဒသမ ၈၂ ဧကရှိ သည်ဟု အကြောင်းကြားစာတွင် ဖော်ပြထားသည်။
"တကယ်နေတာက လူ ၅၀ လောက်ပဲ ရှိတယ်။ တကယ်နေတဲ့လူလည်း တော်တော်နည်း ပါတယ်။ ဈေးအချောင်ရတယ် ဆိုပြီး ဝယ်တဲ့သူတွေများတယ်။ ဘာ အထောက်အထားမှ မရှိဘဲနဲ့ ဝယ်နေကြတယ်။ သေသေချာချာ စုံစမ်းကြည့်တော့ ကေအင်န်ယူပြောလိုက်၊ ကေအင်န်အယ်လ်အေ ပြောလိုက်။ ထားဝယ် ငြိမ်းချမ်းရေး အဖွဲ့လို့ပြောလိုက်နဲ့ ယုံပြီး ဝယ်တဲ့လူတွေ အများကြီးဖြစ်နေတယ်"ဟု အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစန်းအောင်က ပြောသည်။ ရတနာအောင်ကျေးရွာသစ်ဟု အမည် တွင်နေသော အဆိုပါနေရာမှာ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးဘေးတွင်ရှိ၍ စခမ်းကြီးကျေးရွာအုပ်စုတွင် ပါဝင်ပြီး စိုက်ပျိုးရေးဦးစီးဌာနပိုင် မြေပေါ်တွင် တည်ရှိသည်ဟု သိရသည်။
အဆိုပါ မြေကွက်များအနီးရှိ သာယာကုန်းကျေးရွာ မှ ဦးစောသာမွှေးဆိုသူက ကရင်အမျိုးသား အစည်းအရုံးအဖွဲ့က နေရာချထားပေးသည်ဟုဆိုကာ ကျပ် ၃၀,၀၀၀ မှ ကျပ် ၅၀,၀၀၀ နှုန်းဖြင့် ပေ ၄၀၊ ပေ ၆၀ အကွက်များရိုက်၍ ၂၀၁၅ ခုနှစ်၊ ဇွန်လတွင် စတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး လက်ရှိ အချိန်ထိ မြေကွက်ပေါင်း ၅,၅၀၀ ကျော် ရောင်းချခဲ့ပြီးဖြစ်သည်ဟု သိရသည်။ လက်ရှိတွင် ဦးစောသာမွှေးမှာ ထွတ်ပြေးတိမ်းရှောင်နေဆဲ ဖြစ်သည့်အတွက် အမည်အလွဲသုံးစားပြုမှုဖြင့် ဖမ်းဆီး နိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု အစိုးရ နှင့် ငြိမ်းချမ်းရေးရယူထားသည့် ကရင် အမျိုးသားအစည်းအရုံးက ဗိုလ်မှူးစောနဂါးက ပြောသည်။
"ကျွန်တော်တို့ အဖွဲ့အစည်းနာမည်ကို သုံးပြီး အစိုးရမြေတွေကို အကွက်ရိုက် ရောင်းစားသွား တဲ့အတွက် အခုတွေ့ရင် ရှင်းတောင်ပစ်ချင်တယ်။ အခု ကျွန်တော်တို့ ရောက်နေတာကလည်း စောသာမွှေးက ကျွန်တော်တို့ အဖွဲ့နာမည်သုံးပြီး လုပ်သွား တဲ့အတွက် ဝင်ထိန်းပေးတဲ့ သဘောပါ အဖွဲ့လည်း နာမည်ပျက်ပါတယ်။ ကျွန်တော် မြေတစ်ကွက်မှ ရောင်းထားတာ မရှိပါဘူး။ လက်ရှိနေတဲ့သူတွေ၊ ဝယ်ထားပြီးတဲ့သူ တွေ ဘဝပျက်စီးကုန်မှာစိုးလို့ လာနေပေး တဲ့ သဘောပါ" ဟု ၎င်းက ပြောသည်။
ယင်းမြေကွက်များကို ဝယ်ယူထားသူအများစုမှာ ရန်ကုန်၊ ပဲခူး၊ မန္တလေးမြို့များမှ လာရောက်ဝယ်ယူခြင်းဖြစ်ပြီး မြေကွက် ဈေးနှုန်းသက်သာသဖြင့် လာရောက် မေးမြန်း စုံစမ်းသူများရှိသလို အမှန်တကယ် နေအိမ်အခက်ခဲရှိတဲ့အတွက် လာရောက် ဝယ်ယူထားကြ သူများလည်း ရှိသည်ဟု မြေကွက်ဝယ်ယူထားသည့် မြန်မာ့မီးရထား အငြိမ်းစားဝန်ထမ်းဟောင်း တစ်ဦးဖြစ်သူ ဒေါ်လှမြင့်က ပြောသည်။ "ဝန်ထမ်းလုပ်သက် တစ်လျှောက်လုံး မှာ အစိုးရဆီက မြေကွက်မျှော်လင့်ခဲ့ပေ မယ့် မရခဲ့ပါဘူး။ ဒီမှာမြေကွက်တွေကို ဈေးပေါပေါနဲ့ ရောင်းပေးတယ် လို့ ကြားတဲ့ အတွက် ဝယ်လိုက်တာပါ။ နေစရာလည်း မရှိပါဘူး။ ဖယ်ပေးဖို့ အစိုးရဘက်က သတိ ပေးစာ ထုတ်ထားတဲ့ အတွက်လည်း နေရ တာ ခပ်လန့်လန့်ပါ။ အစိုးရကလည်း နေရာထိုင်ခင်းမရှိတဲ့ ကျွန်မတို့လို ဝန်ထမ်းတွေအတွက် စဉ်းစားပေးစေချင်ပါတယ်။ ကျွန်မ တစ်ကွက်တည်း ဝယ်ထားတာပါ " ဟု ၎င်းကပြောသည်။
လှည်းကူးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး ဦးစီးဌာနပိုင် စခမ်းကြီး ကျေးရွာအုပ်စု အတွင်းရှိ ကွင်းအမှတ် (၉၇၈) တွင် ၉၃၈ ဒသမ ၉၃ ဧကနှင့် ဘန့်ဘွေးကုန်းနှင့် သာယာကုန်း ကျေးရွာအုပ်စုအတွင်းရှိ ကွင်းအမှတ် (၉၈၂) တွင် ၆၆၉ ဒသမ ၈၉ စုစုပေါင်း မြေဧက ၁၆၀၈ ဒသမ ၈၂ ပေါ်တွင် ကျုးကျော်နေထိုင်သူများကို ဖယ်ရှားပေးရန် သတိပေးစာ ထုတ်ပြန်ခဲ့ပြီး ဖြစ်သည့်အပြင် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများကလည်း အသံချဲ့စက်ဖြင့် သုံးကြိမ်တိုင် နှိုးဆော်ထားပြီးဖြစ်သည်ဟု သိရသည်။
မြေကွက်ဈေးနှုန်းများ ချိုသာသည့်အတွက် အနယ်နယ်အရပ်ရပ်က မြေကွက် ဝယ်ယူရန် လာရောက်မေးမြန်းသူ များပြားလာနေပြီး မြေကွက်များကို အဆင့် ဆင့် လက်လွှဲလက်ပြောင်း ရောင်းချမှုကြောင့် မြေကွက်ဈေးနှုန်းများ မြင့်တက်လာနေသည့်အပြင် လူတစ်ဦး လျှင် ၁၀ ကွက်မှ ၁၅ ကွက်ခန့်အထိ ဝယ်ယူထားသူ များလည်း ရှိသည်ဟု မြေကွက်ပိုင်ရှင် တစ်ဦးဖြစ်သူ ဦးနန္ဒက ပြောသည်။ "ကျွန်တော်ကတော့ လေးကွက် ဝယ်ထားတယ်။ အရင်ကတော့ မိသားစုလိုက် လာနေဖို့ပါပဲ။ အခုတော့ အခြေအနေက မတည်ငြိမ်တော့ အရင်းရရင်ပဲပြန်ထုတ်မှာ ပါ။ အဆင့်ဆင့် ဝယ်ထားရတော့ မြေကွက် တစ်ကွက်ကို ခြောက်သိန်းလောက်ကျတယ်" ဟု ၎င်းကပြောသည်။
Ref : Myanmar Times
Photo Credit : Myanmar Times
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ