By The Voice, Shweproperty.com
Updated at 5 December 2011
လွှတ်တော် နှစ်ရပ်တွင် လက်ရှိ ဆွေးနွေးလျက် ရှိသည့် လယ်ယာမြေ ဥပဒေမူကြမ်းနှင့် ပတ်သက်၍ ထောက်ပြသည့် ကြေညာချက် တစ်ရပ်ကို ယခု ရက်ပိုင်းအတွင်း မဟာမိတ် ၁ဝ ပါတီက ထုတ်ပြန်လိုက်ကြောင်း အဆိုပါ ပါတီ ခေါင်းဆောင်များက ပြောကြားသည်။
ယင်းကဲ့သို့ ထောက်ပြထားသည့် ကြေညာချက်ကို ပြည်ထောင်စု လွှတ်တော်နာယက၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတို့ထံ တင်ပြသွားမည် ဖြစ်ကြောင်း ၁ဝ ပါတီ ခေါင်းဆောင်များထံမှ သိရသည်။
ယခုလက်ရှိ ပြည်သူ့လွှတ်တော်တွင် အတည်ပြုပြီး ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးလျက် ရှိသည့် လယ်ယာမြေ ဥပဒေမူကြမ်းနှင့် ပတ်သက်၍ လွှတ်တော်နှစ်ရပ် အနေဖြင့် အသေအချာ ပြန်လည် သုံးသပ်ရန် လိုအပ်ကြောင်း၊ ဗြိတိသျှ ကိုလိုနီခေတ်၊ ဖ.ဆ.ပ.လ ခေတ်၊ လမ်းစဉ်ပါတီ ခေတ်စသည်ဖြင့် ခေတ်အဆက်ဆက်ကို ပြန်လည် သုံးသပ်မှသာ ယခုလက်ရှိ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ ပကတိ အခြေအနေများနှင့် လျော်ညီမည့် လယ်ယာမြေ မူဝါဒမျိုးကို ရှေးဦးစွာ ချမှတ်ပြီး ထိုမူဝါဒနှင့် လိုက်လျောညီထွေ ဖြစ်မည့် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်း တို့ကို ရေးဆွဲ ပြဋ္ဌာန်းသင့်ကြောင်း ဒီမိုကရေစီ မဟာမိတ် ၁ဝ ပါတီ ကြေညာချက်တွင် ဖော်ပြထားသည်။
လွှတ်တော်နှစ်ရပ် အနေဖြင့် အဆိုပါ လယ်ယာမြေဥပဒေ(မူကြမ်း) အား လုံလောက်သော အချိန်ယူ၍ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲများ၊ အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှုများ၊ ဖိုရမ်များကို လယ်ယာမြေ ပညာရှင်များ၊ အစိုးရ ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများ၊ NGO များမှ ကိုယ်စားလှယ်များ ပါဝင် လုပ်ဆောင်စေကာ မူဝါဒ တစ်ရပ်နှင့် လုပ်ထုံးလုပ်နည်းများ ချမှတ်ပြီး ပြဋ္ဌာန်းရမည့် ဥပဒေမျိုး ဖြစ်ကြောင်း အဆိုပါ ၁ဝ ပါတီ အစည်းအဝေးပွဲ တက်ရောက် ခဲ့သည့် ပါတီခေါင်းဆောင် တစ်ဦးက ပြောကြားသည်။
ယခုအခါ လွှတ်တော်နှစ်ရပ်တွင် အတည်ပြု ဆွေးနွေးနေသည့် လယ်ယာမြေ ဥပဒေမူကြမ်းနှင့် ပတ်သက်၍ မူဝါဒ တစ်ရပ်ကို ရှေးဦးစွာ စီစဉ် ဆောင်ရွက်ထားခြင်း မရှိသေးဘဲ ဥပဒေ ရေးဆွဲပြဋ္ဌာန်းရန် ပြင်ဆင်ခြင်းမှာ ရှေ့နောက် အစီအစဉ်ကျမှု မရှိဘဲ လွဲမှားနေသည်ဟု ယူဆရကြောင်း အဆိုပါ ကြေညာချက်တွင် ရေးသား ထားသည်။
ယင်းကဲ့သို့ ရှေ့နောက် အစီအစဉ် မှားယွင်း ဆောင်ရွက်မှုကြောင့် မြန်မာ တောင်သူလယ်သမားထု၏ အကျိုးစီးပွား၊ မြန်မာ့ အကျိုးစီးပွား စဉ်ဆက်မပြတ် တိုးတက်ရေးတို့ကို ကြီးစွာ အဟန့်အတား ဖြစ်စေမည့် အပြင် ခေတ်နောက် ပြန်ဆွဲသည့် မြေခစား မြေရှင်ကြီးစနစ် ပြန်လည် ပေါ်ပေါက်လာမည်ကို စိုးရိမ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ထည့်သွင်း ထားသည်။
အဆိုပါ ဥပဒေမူကြမ်းတွင် (က) အခန်း (၁) ပုဒ်မ ၂ (က) ပါ ' နိုင်ငံတော်က အလိုရှိသည့် အတိုင်း သုံးစွဲနိုင်သည် ' ဆိုသော စကားရပ်မျိုးမှာ ထည့်သွင်း၍ မသင့်ကြောင်း၊ (ဂ) အခန်း (၃) ပုဒ်မ ၄ (ခ) တွင် လွှဲပြောင်း၊ ပေးကမ်းခြင်း စကားရပ်ကို ဖြည့်စွက်ပြီး (ဃ) အခန်း ပုဒ်မ ၄(ဃ) ကို ဖြုတ်၍ တရားရုံးများ စီရင် ဆုံးဖြတ်ပိုင်ခွင့်ကို သင့်လျော်သလို ထည့်သွင်း ပေးသင့်ကြောင်း၊ (င) အခန်း (၄) ပုဒ်မ ၇ (င) ကို ဖြုတ်ပယ်သင့်ကြောင်း၊ (စ) အခန်း (၈) ပုဒ်မ (၂)တွင် ' ထိုသို့ ဝန်ကြီးဌာနက ချမှတ်သော အမိန့် သို့မဟုတ် စီရင်ချက်ကို မကျေနပ်ပါက ပြည်ထောင်စု တရားလွှတ်တော်သို့ အယူခံဝင်ခွင့် ရှိစေရမည် ' ဟူသော စကားရပ်ကို ထည့်သွင်းသင့်ကြောင်း အဆိုပါ ကြေညာချက်တွင် အကြံပြု ထားသည်။Source : The Voice
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ