By EMG, Shweproperty.com
Updated at 18 September 2013
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဆောင်ရွက်ပေးနေသည့် မြေဂရန် လျှောက်ထားခြင်းနှင့် မြေစီမံခန့်ခွဲမှု ကိစ္စရပ်များ ပြုလုပ်ရာတွင် အချိန်လပေါင်း များစွာ နှောင့်နှေးကြန့်ကြာ နေသည်ဟု စက်တင်ဘာ ၁၇ ရက်တွင် ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းမြင့်၏ တင်ပြမှုများအရ သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွင် မူလပိုင်သည် ဂရန်များကို အမည်ပြောင်းလဲလိုခြင်း၊ ဂရန်အသစ် လျှောက်ထားလိုခြင်း၊ မြေဂရန် သက်တမ်းတိုး လျှောက်ထားခြင်း၊ မြေချပါမစ်များအား ဂရန်ရလိုမှု လျောက်ထားခြင်းနှင့် ဘိုးဘွားပိုင်မြေများအား အမည်ပြောင်းလိုခြင်း စသည့်ကိစ္စရပ်များတွင် အချိန်များစွာ ကြန့်ကြာနေခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ ကိုယ်တိုင်သွားရောက် လျှောက်ထားသူများ၏ အလှည့်ကျ တန်းစီစောင့်ဆိုင်းရသည့် အမှုတွဲများအား လက်ခံခြင်း မရှိဘဲ ပွဲစားများ ယူလာသော အမှုတွဲများကိုသာ ဦးစားပေး ဆောင်ရွက်နေသောကြောင့် ကိုယ်တိုင်လျှောက်ထား သူများမှာ ၁၀ ရက်လျှင် တစ်ကြိမ် သွားရောက်စုံစမ်း နေရပြီး အချိန်ခြောက်လ၊ တစ်နှစ် စသည်ဖြင့် လပေါင်းများစွာချီ၍ ကြာကြောင်း၊ အချိန်ကုန် လူပန်း၍ အလုပ်ကိစ္စသည်လည်း ပြီးပြတ်မှု မရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းမြင့်က ဆိုသည်။
''သွားလုပ်တဲ့ သူတွေကလည်း မြို့တော်ခန်းမကို ခဏခဏ သွားနေရလို့ ညည်းညူသံတွေ ကြားနေရပါတယ်။ ဒါကြောင့် ဒီကိစ္စကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါတယ်'' ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းမြင့်က မေးမြန်းခဲ့သည်။
ယင်းသို့ မေးမြန်းမှုအပေါ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် အမှုတွဲ ဖွင့်လှစ်ခြင်းတို့ကို မြို့တော်ခန်းမမှ နေ့စဉ်ပြုလုပ် ပေးလျက်ရှိပြီး မြေစီမံခန့်ခွဲမှု လုပ်ငန်းနှင့် ပတ်သက်၍ တာဝန်ကျအရာရှိ၊ ဝန်ထမ်းများနဲ့လုပ်ပေးတာ ဖြစ်ကာ ထိုသို့ ဆောင်ရွက်ပေးသည့် နေရာတွင်လည်း အလှည့်ကျ အစဉ်လိုက် အတိုင်းသာ လုပ်ပေးခြင်း ဖြစ်ကြောင်း၊ မြေစီမံမှု လုပ်ငန်းများမှာ ပွဲစားမှ ဆောင်ရွက်ပေးရသော လုပ်ငန်းမဟုတ်ဘဲ တရားဝင်ပိုင်ဆိုင်သူမှ SP (သို့) GP လွှဲအပ်ထားသူမှသာ ပြုလုပ်ပေး၍ ရကြောင်းနှင့် တရားဝင် ပိုင်ဆိုင်သူ၏ SP (သို့) GP လွှဲအပ်ထားပါက မည်သူ့ကိုမဆို ပြုလုပ်ပေးနေကြောင်း၊ ဝန်ထမ်းများ မရိုးမသား လုပ်သည်ကို တွေ့ရှိပါက အတိအကျ ဖော်ပြတိုင်ကြားနိုင်ပြီး စိစစ်မှန်ကန်ကြောင်း သိရှိရပါက ဝန်ထမ်းစည်းမျည်း စည်းကမ်းများနှင့်အညီ အရေးယူမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ဖြေကြားသည်။
မြေစီမံမှုများနှင့် ပတ်သက်၍ ဂရန်သစ် အမှုတွဲများကို ဌာနမှ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ပြီးသော်လည်း ဂရန်စာအုပ် ၃၅၀ အုပ်ခန့် လာရောက်ထုတ်ယူမှု မရှိခြင်း၊ မြေပိုင်ဆိုင်မှု အမွေဆက်ခံမှုများ အငြင်းပွား၍ တရားရုံးတွင် ရင်ဆိုင် ဖြေရှင်းနေပြီး အမြင့်ဆုံး တရားရုံး၏ အမိန့်အား စောင့်ဆိုင်းနေရခြင်း၊ ဌာနတွင် အမှုတွဲ ဖွင့်လှစ်ထားသော်လည်း နိုင်ငံခြားသား အမည်ပေါက် မြေများဖြစ်၍ ပြည်ထဲရေး ဝန်ကြီးဌာနသို့ လျှောက်ထားရသည့် ကိစ္စရပ်တွင် ပြည်ထဲရေး ဝန်ကြီးဌာန၏ အမိန့်ညွှန်ကြားချက် မရမီ ဆိုင်းငံ့ထားရခြင်း၊ ဥပဒေ ကြောင်းများအရ ရှုပ်ထွေးသော ကိစ္စရပ်များတွင် ကော်မတီရှိ ဥပဒေ အကြံပေးအဖွဲ့သို့ အကြံဉာဏ်ရယူခြင်း၊ တိုင်းဥပဒေချုပ်ရုံးသို့ အကြံဉာဏ် တောင်းခံထားခြင်း၊ လိုအပ်ပါက ပြည်ထောင်စု ဥပဒေချုပ်ရုံး၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးများသို့ အကြံဉာဏ်တောင်းခံပြီး အကြံဉာဏ် ရရှိမှသာ ဆက်လက် ဆောင်ရွက်ရခြင်း စသည်တို့ကြောင့် ကြန့်ကြာနေရခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ဆိုသည်။
''မြေချပါမစ်ကို ဂရန်လျှောက်တာ သုံး နှစ်ရှိပြီ။ အလုပ်မအား တာကြောင့်လည်း သွားမကြည့်နိုင်ဘူး။ သိသလောက်တော့ မြေပြင်ကွင်းဆင်း စစ်ဆေးမှုတောင် လာမလုပ်သေးဘူး'' ဟု မြောက်ဒဂုံမြို့နယ်နေ ဂရန်လျှောက်သူ ဦးကျော်ကြီးက ဆိုသည်။
Ref : EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ