By The Voice Weekly, Shweproperty.com
Updated at 28 August 2013
မြန်မာ့ အိမ်၊ ခြံ၊ မြေဈေးကွက် ဈေးနှုန်း အဆမတန် မြင့်မားနေမှုကို ထိန်းချုပ်နိုင်ရန် အစိုးရ၏ သက်ဆိုင်ရာ အဖွဲ့အစည်းများက နေရာ၊ ဒေသ အလိုက် မြေဈေးနှုန်းများ သတ်မှတ်ခြင်းသည် စံနှုန်း တစ်ခုအနေနှင့် သတ်မှတ်ခြင်းသာ ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။
ယင်းသို့ မြေဈေးနှုန်းကို ကာလတန်ဖိုးနှင့် အနီးစပ်ဆုံး ဈေးနှုန်း တစ်ခုအဖြစ် စံနှုန်းထား သတ်မှတ်ခြင်း သည် အဆိုပါ သတ်မှတ် ဈေးနှုန်းအတိုင်း အရောင်းအဝယ် ပြုရမည်ဟု ဆိုလိုခြင်း မဟုတ်ဘဲ အခွန်အခ ကောက်ခံရာ တွင် အသုံးပြုနိုင်ရန် စံနှုန်း သတ်မှတ်ခြင်းသာ ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောဆိုသည်။
အိမ်၊ ခြံ၊ မြေ ဈေးနှုန်း မြင့်တက်နေခြင်းမှာ မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံနိုင် သည့် နေရာ နည်းပါးခြင်း နှင့် ရောင်းလိုအားထက် ဝယ်လိုအား အဆမတန် များပြားနေခြင်းတို့ကြောင့် ဖြစ်ပြီး အစိုးရက ဝင်ရောက် မထိန်းချုပ်ပါက မလိုလားအပ်သော မှောင်ခိုဈေးကွက်ပုံစံ ဖြစ်သွားနိုင်ကြောင်း နိုင်ငံတော် သမ္မတ၏ လူမှုစီးပွား ဖွံ့ဖြိုးရေး အကြံပေးကောင်စီ အဖွဲ့ဝင် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က မှတ်ချက်ပေးသည်။
“ဈေးကွက် သဘောတရားအရ ဈေးအတက်အကျ ဖြစ်တယ် ဆိုတာ ရောင်းလိုအားနဲ့ ဝယ်လိုအားရဲ့ မျှခြေပဲ။ ဝယ်လိုအားများရင် ဈေး တက်မယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် လူနေထိုင်ရန် အဆောက်အအုံသစ်များ၊ ရုံးခန်းနှင့် စီးပွားရေး လုပ်ငန်း အဆောက်အအုံ များ (Business and Office Tower) ဆောက်လုပ်လျက် ရှိသော်လည်း နောက်လာမည့် ငါးနှစ်မှ ဆယ်နှစ်အတွင်းထိ မြန်မာ့ အိမ်၊ ခြံ၊ မြေ ဈေးသည် ဆက်လက် မြင့်တက်နေ မည် ဖြစ်ကြောင်း ဒေါက်တာ အောင်ထွန်းသက်က ခန့်မှန်း ပြောကြားသည်။
လတ်တလောတွင် ရန်ကုန်တိုင်းဒေသကြီးအတွက် မြေဈေးနှုန်းများ ကို နေရာအလိုက် တွက်ချက် ပြီးစီးပြီ ဖြစ်ကာ ကျန် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ မြေဈေးနှုန်းများကို ကာလတန်ဖိုးအတိုင်း သတ်မှတ်နိုင်ရန် သက်ဆိုင်ရာဒေသ အစိုးရ တာဝန်ရှိသူများထံ တောင်းခံ ထားပြီး စာရင်းများအားလုံး ပြီးစီးပါက ထုတ်ပြန်မည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက ဆိုသည်။
စီမံကိန်းနှင့် အခြားသော ပြည်ပ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ ပြုလုပ်မည် ဆိုသည့် သတင်းကြောင့် မြေဈေးနှုန်း ကစားလိုသူများနှင့် ဝယ်ရောင်းသမား များသည် ရှိသင့်သည့် ဈေးနှုန်းထက် ပိုပေးကာ ဝယ်ယူမှုများ၊ ဝင်ငွေရလမ်း မပြနိုင်သူများ၏ ခေါ်ဈေးအတိုင်း ဝယ်ယူမှုများကြောင့် မြန်မာ့ အိမ်၊ ခြံ၊ မြေ ဈေးကွက်သည် ပူဖောင်း ဈေးကွက်တစ်ခု ဖြစ်လာကြောင်း မြန်မာ့ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှု အသင်း၏ နှစ်ပတ်လည် ဟောပြောပွဲ တွင် ဒေါက်တာ အောင်ထွန်းသက်က ပြောကြားသည်။
အဆမတန် ဈေးမြင့်မားနေသော မြန်မာ့ အိမ်၊ ခြံ၊ မြေ ဈေးကြောင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် အတားအဆီး ဖြစ်စေနိုင်သောကြောင့် မြေယာ ပြုပြင် ပြောင်းလဲမှု (Land Reform) ကို စနစ်တကျ ကိုင်တွယ်ရန် လိုအပ်ကြောင်း စီးပွားရေး မူဝါဒ ပညာရှင် ဒေါက်တာ အောင်ကိုကိုက ပြောကြားသည်။
မြေယာ ပြုပြင်ပြောင်းလဲမှုသည် ကျန်ရှိသော စီးပွားရေး ကဏ္ဍ အလိုက် ပြုပြင်ပြောင်းလဲမှု အားလုံး၏ အခြေခံ ဖြစ်ပြီး မြေယာ ပြုပြင်ပြောင်းလဲမှုကို အောင်မြင်အောင် မဆောင်ရွက်နိုင်ပါက ကျန်ရှိသော စီးပွားရေး ပြုပြင်ပြောင်းလဲမှု အားလုံးသည်လည်း မအောင်မြင်နိုင်ကြောင်း ၎င်းက ပြောကြားသည်။
အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ အဆမတန် ကြီးမြင့်နေမှုနှင့် အခွန်အကောက်များ ဆုံးရှုံးခြင်းမှ ကာကွယ်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်း နေရာဒေသ အလိုက် တစ်ပေပတ်လည် ဈေးနှုန်းများ တရားဝင် သတ်မှတ်ပြီး ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်း က ပြောဆိုသော်လည်း သတ်မှတ်ဈေးနှုန်းများ ထုတ်ပြန်ခြင်း မရှိသေးပေ။
Ref : The Voice Weekly
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ