By Eleven Media Group, Shweproperty.com
Updated at 5 January 2016
ရန်ကုန်မြို့သစ် မြေကွက်ဈေးနှုန်းများမှာ ဈေးနှုန်းကျဆင်းလျက် ရှိသော်လည်း မြေကွက်ဝယ်ယူသူ နည်းပါးလျက်ရှိပြီး အရောင်းအဝယ် အေးနေကြောင်း ရန်ကုန် အိမ်ခြံမြေ ဝယ်ရောင်းဈေးကွက်မှ စုံစမ်းသိရှိရသည်။
ရန်ကုန်မြို့ အတွင်းရှိ လူကြိုက်များ၍ ဝယ်ရောင်း ပြုလုပ်လိုသူများ အနေဖြင့် အရောင်းအဝယ် အများဆုံး ပြုလုပ်လျက်ရှိသည့် တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ မြောက်ဒဂုံ၊ ထောက်ကြန့်၊ ရွှေပြည်သာ၊ သန်လျင် စသည့် မြို့နယ် အတွင်းရှိ မြေကွက်များ အနေဖြင့် ယခုလအတွင်း ဈေးနှုန်းကျဆင်းလျက် ရှိနေသော်လည်း အရောင်းအဝယ် မရှိသလောက် နည်းပါးလျက် ရှိနေသည်။
“ဒီလအတွင်းမှာ မြေကွက် အရောင်းအဝယ်တွေက တော်တော်လေးကို သိသိသာသာ ဈေးကျသွားတယ်။ အဝယ်လည်း မလိုက်ဘူး။ တချို့ ဝယ်ရောင်းတွေဆိုရင် လက်ထဲမှာ ပိုက်မိထားတဲ့ မြေကွက်တွေ အများကြီး ရှိတယ်။ အခု လူတွေ တော်တော်များများက မြေကွက် ဝယ်တာထက် တိုက်ခန်းဝယ်တာကို ပိုအားသန်နေကြတယ်။ ဒါကြောင့် အခုလို အရောင်းအဝယ် အေးသွားတဲ့ သဘောတွေပေါ့လေ။ နောက်မြေဈေးတွေ အနေနဲ့ ၁၀ သိန်းကနေ သိန်း ၃၀ ကြားကို ဈေးကျသွားတယ်” ဟု ဒဂုံဆိပ်ကမ်းမြို့နယ် အတွင်းမှ အိမ်ခြံမြေ ဝယ်ရောင်း လုပ်ကိုင်လျက်ရှိသူ ကိုဇင်မင်းက ဆိုသည်။
ရန်ကုန်မြို့ အတွင်းရှိ မြေဈေးနှုန်းများ အနေဖြင့် တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်း စသည့် နေရာများတွင် အနည်းဆုံး ကျပ်သိန်း ၈၀ မှ ကျပ် သိန်း၂၀၀၀ အထိ လည်းကောင်း၊ သန်လျင်မြို့နယ် အတွင်း၌လည်း အနည်းဆုံး ကျပ် ၇၀ သိန်းမှ ကျပ်သိန်းသောင်းကျော်အထိ လည်းကောင်း၊ ထောက်ကြန့်မြို့နယ်အတွင်း ကျပ်သိန်း ၁၀၀ ကျော်မှ ကျပ်သိန်းထောင်ကျော်အထိ လည်းကောင်း ပေါက်ဈေး ရှိနေကြောင်း ရန်ကုန်မြို့ အိမ်ခြံမြေ ရောင်းဝယ်ရေး လုပ်ငန်းများနှင့် ဝက်ဘ်ဆိုက်များမှ စုံစမ်းသိရှိရသည်။
၂၀၁၅ ခုနှစ်အတွင်း အိမ်ခြံမြေဈေးကွက် အနေဖြင့် အရောင်းအဝယ် ဈေးကွက်ထက် အငှားဈေးကွက်မှာ ပိုသွက်လျက်ရှိပြီး အိမ်ငှား ဈေးနှုန်းများ အနေဖြင့် ဈေးနှုန်းမြင့်တက်မှု ရှိနေသော်လည်း အိမ်ခြံမြေ ဈေးကွက်အတွင်း မြေဈေးနှုန်းများမှာ ဝယ်ယူသူ မရှိသလောက် နည်းပါး၍ ဈေးနှုန်းများ အနေဖြင့် ကျပ်သိန်း ၇၀ မှ ၁၀၀ ကျော်ဝန်းကျင် တန်ဖိုးရှိ မြေကွက်များ အနေဖြင့် ကျပ် ၁၀ သိန်းမှ သိန်း ၃၀ အတွင်း ဈေးနှုန်းကျဆင်းနေခြင်း ဖြစ်ကြောင်း အိမ်ခြံမြေ ဝယ်ရောင်း လုပ်ကိုင်လျက်ရှိသူ ကိုဇင်မင်းက ဆက်လက် ပြောကြားသည်။
“အရင်တုန်းက မြေကွက်တွေက ဈေးကောင်းတော့ မြေဝယ်ရောင်းလုပ်ရတာ အဆင်ပြေတယ်။ အမြတ် ကျန်တယ်။ ၂၀၁၅ သင်္ကြန်လောက်ကတည်းက မြေဈေးတွေ နည်းနည်း ငြိမ်လာပြီးတော့ အရောင်းအဝယ် ပါးသွားပြီး နိုဝင်ဘာလလောက်အထိ မြို့သစ်မြေကွက်တွေက အရောင်းအဝယ် ဖြစ်သေးတယ်။ အခု နောက်ပိုင်းတော့ ဝယ်သူကို မရှိတော့တာ။ ဒီမြို့သစ် မြေကွက်တွေကို ရောင်းချင်နေတဲ့ သူတွေမှ တစ်ပုံကြီးပဲ။ အဝယ် မလိုက်တော့တဲ့အတွက် ဈေးတွေက ထိုးကျကုန်တာ” ဟု ဒဂုံဆိပ်ကမ်းမြို့နယ် အတွင်းရှိ အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးက ပြောကြားသည်။
အဆိုပါ မြေကွက်ဈေးနှုန်းများ အနေဖြင့် ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ဈေးနှုန်းကျဆင်းလာခြင်း ဖြစ်ပြီး ၂၀၁၅ ဒီဇင်ဘာလအတွင်း အရောင်းအဝယ် သိသိသာသာ ကျဆင်းလျက်ရှိကြောင်း သိရပါတယ်။
ထို့ပြင် ရန်ကုန်မြို့ အိမ်ခြံမြေ ဈေးကွက်အတွင်း မြို့သစ်မြေကွက် ဈေးနှုန်းများ အနေဖြင့် ဈေးနှုန်းကျဆင်းလျက် ရှိနေသော်လည်း ရန်ကုန်မြို့ရှိ အိမ်အငှား ဈေးကွက်မှာ ဈေးနှုန်းကျဆင်းခြင်း မရှိဘဲ အတက်ဈေး၌သာ ဆက်လက် ရပ်တည်လျက်ရှိကြောင်း သိရသည်။
Ref : Eleven Media Group
Photo Credit : EMG
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ