By Myanmar Builders Guide, Shweproperty.com
Updated at 22 February 2019
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနယ်နိမိတ်အတွင်းရှိ မြေကွက်များကို မြေငှားဂရန် လျှောက်ထားခြင်းနှင့် ဝင်းခြံကာရံခြင်း၊ အဆောက်အအုံဆောက်လုပ်မိန့် ရယူလျှောက်ထားခြင်းများကို ရပ်ဆိုင်းထားကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားသည်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကပြုလုပ်သည့် ဒုတိယအကြိမ် မန္တလေးတိုင်းလွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့) တွင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနယ်နိမိတ်အတွင်းရှိ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိသော မြေကွက်လပ်များကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် ရှိ၊ မရှိ မေးခွန်းကို ချမ်းမြသာစည်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးကမေးမြန်းခဲ့ရာ ဒေါက်တာရဲလွင်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက မြေချထားမိန့်၊ မြေစလစ်မိန့် မူရင်းကိုင်ဆောင်ထားသူများသည် ဥပဒေနှင့်အညီ မြေငှားဂရန် လျှောက်ထားရန်၊ မြေငှားဂရန် ရရှိပြီးသူများသည် မြေကွက်လပ်များကို အုတ်တံတိုင်းကာရံခြင်း၊ ဝင်းခြံကာရံခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခွင့်ရရှိရန် လျှောက်ထားရမည်ဟု ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်က စတင်ကြေညာခဲ့ပြီး ၂၀၁၈ ခုနှစ် မေလ ၁၅ ရက်နေ့နောက်ဆုံး လျှောက်ထားရန်နှင့် ဆောင်ရွက်ခြင်းမရှိသော မြေကွက်လပ်များကို အစိုးရစီမံခန့်ခွဲမြေအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းကာလအတွင်း ခွင့်ပြုမိန့်လျှောက်ထားမှုများ အများအပြားရှိခဲ့သော်လည်း စည်ပင်က မြို့မြေအဖြစ် စိစစ်သည့်အခါ မြေစလစ်အတု၊ စလစ်ပျောက်၊ စလစ်ကိုယ်တိုင်ရ အတုများဖြင့် လိမ်လည်လျှောက်ထားမှုများရှိခဲ့သောကြောင့် စစ်ဆေးတွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များကို မန္တလေးတိုင်း စုံးစမ်းစစ်ဆေးရေးအဖွဲ့ထံ တင်ပြခဲ့ကြောင်း ဒေါက်တာရဲလွင်က ပြောကြားသည်။
ယခင်ကျင်းပပြီးစီးခဲ့သည့် တိုင်းဒေသကြီးလွှတ်တော်၊ စတုတ္ထပုံမှန် အစည်းအဝေးတွင် မန္တလေးမြို့တော်စည်ပင်အား အထက်ပါမေးခွန်းကိုမေးမြန်းခဲ့ရာ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ဖြေကြားခဲ့သော်လည်း ယနေ့အချိန်ထိ ဆောင်ရွက်နိုင်မှုမရှိသော မြေကွက်လပ် အများအပြား ကျန်ရှိနေသဖြင့် ဒုတိယအကြိမ် မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း ချမ်းမြသာစည်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောကြားသည်။
အချို့မြေကွက်လွတ်များသည် နှစ်ပေါင်းများစွာ ပိုင်ဆိုင်သူမည်သူမှန်းမသိသော မြေကွက်လွတ်အဖြစ်ရှိနေပြီး အုပ်ချုပ်မှုပြဿနာများ ဖြစ်ပေါ်ခြင်း၊ ကျူးကျော်နေထိုင်မှုများ ပိုမိုများပြားလာသည့်အတွက် ကြာလာလျှင် ဖြေရှင်းရန်ခက်ခဲခြင်း၊ မြေကွက်လပ်များတွင် ခိုအောင်းနေ၍ ဘေးအိမ်များအတွင်းသို့ ဝင်ရောက်ဖောက်ထွင်းခြင်း၊ ခိုးယူခြင်းများ ဖြစ်ပွားနေကြောင်း ၎င်းကပြောကြားသည်။
မန္တလေးမြို့တွင် အိမ်ခြေအရေအတွက် ၂၅၆,၈၀၅ ရှိရာတွင် အိမ်ခြေ ၉၁,၂၆၇ ၌ ဂရန်ရှိသော်လည်း အိမ်ခြေ ၁၆၅,၅၃၈ တွင် ဂရန်မရှိကြောင်း ယင်းမြို့ စည်ပင်သာယာရေးကော်မတီ၏ စစ်တမ်းကောက်ယူမှုအရ သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ