By Kumudra, Shweproperty.com
Updated at 21 October 2014
အကွက်ရိုက်ရောင်းချတဲ့ လယ်မြေကွက်တွေကို ပိုင်ဆိုင်မှုမစစ်ဆေးပဲ တန်ဖိုးသက်သာတယ်ဆိုပြီး ဝယ်ပြီးမှ အစိုးရက တရားဝင်ခွင့်ပြုထားတဲ့ မြေကွက်တွေ မဟုတ်တာကို သိရကြောင်း ကိုယ်တိုင်ဝယ်ယူထားသူ တချို့ ဆီကသိရပါတယ်။
ရွှေပြည်သာမြို့နယ်အတွင်းရှိ သမင်တက်ကွင်း၊တံတားကြီးကွင်း၊သာဓုကွင်း၊ လှော်ကားကွင်း၊ သံဒင်း အစရှိတဲ့ နေရာတွေမှာ အစိုးရပိုင်မြေကွက်တွေကို တောင်သူပိုင် ပိုလျှံပလပ်မြေဆိုပြီး ရောင်းချ ကြတာလို့သိရတယ်။
သိမ်းဆည်းမြေတွေ ဖြစ်တာကြောင့် လယ်အမည်ပေါက်တွေကို လယ်ယာလုပ်ပိုင်ခွင့် ပြန်လည်မရရှိသေးတဲ့ မြေတွေဖြစ်ကာ လယ်ပွဲစားတစ်ချို့က ဧကအလိုက်ဝယ်ယူပြီး တရားဝင်မဟုတ်တဲ့ မြေပုံတွေမှာ အကွက်တွေ ခွဲပြီး အခိုင်အမာပုံစံမျိုးနဲ့ရောင်းချနေကြတာလို့ သိရပါတယ်။
“၂၀၁၃ ခုနှစ်နှစ်လယ်ပိုင်း ဇူလိုင်လဝန်းကျင်က လယ်ပွဲစားဆီကနေ တစ်ဆင့်ဝယ်ခဲ့တာ၊ ဈေးကလည်းသက်သာတယ်ဆိုပြီး စာရွက်စာတမ်းတောင်းကြည့်တော့ မြေခွန်စာရွက်ရယ်၊ အိမ်ထောင်စုစာရင်း စာရွက်တွေပြတယ်၊ ကိုယ်ကလည်း ယုံပြီးဝယ်ခဲ့တာ၊ အခုသေချာစုံစမ်းကြည့်တော့မှ တရားဝင်ချပေးထားတဲ့ အကွက်တွေမဟုတ်ဘူး၊ စာချုပ်ချုပ်တော့လည်း ကို့ရဲ့အားနည်းချက်လည်း ပါပါတယ်၊ တစ်ခါမှ ကိုမသိတဲ့ နာမည်နဲ့လူက လက်မှတ်ထိုးပေးတာ” လို့ ရွှေပြည်သာမြို့နယ်ရှိ အကွက်ရိုက်မြေကို သိန်း၁၀၀ဖိုး ဝယ်ခဲ့တဲ့ ဒေါ်ခင်ခင် (အမည်လွှဲ)က သူကြုံတွေ့ခဲ့ရတာကို ပြောပြပါတယ်၊
ဆွဲဆောင်နည်းက
လယ်မြေတွေကို ရောင်းချစဉ်က တညင်းကုန်းလမ်းဆုံမှ ရွှေပြည်သာမြို့နယ်ကို ဖြတ်ပြီးမှော်ဘီတိုင်အောင် လမ်းဖောက်မယ်၊ ဓာတ်တိုင်တွေစိုက်တော့မှာ၊ နေပြည်တော်ကို လူလွှတ်ပြီး ပိုင်ဆိုင်ခွင့်ရဖို့ ငွေပေးပြီး အချိန် နှစ်လ၊သုံးလ အတွင်းကျမယ်ဆိုပြီး ဆွဲဆောင်ကြသလို လယ်မြေအတွက် ပြဿနာပေါ်ပေါက်လာပါက ငွေပြန်လျော်ပေးနိုင်တယ်။ရပ်ကွက်တာဝန်ရှိသူတွေ၊ တာဝန်ခံတွေကလည်း သိရှိအသိအမှတ်ပြုထားတယ်လို့ ဝယ်ယူသူတွေကို အတိအကျပြောဆိုပြီး ရောင်းချထားတာလို့သိရပါတယ်။
ဌာနကချပေးထားတဲ့ အကွက်တွေလိုမျိုး တရားဝင်မဟုတ်ပဲ မြေပုံတွေနဲ့အကွက်တွေဆွဲပြီး ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေ ပြသတယ်၊အကွက်ဆွဲ ထားတာက ပေ၂၀x ပေ ၆၀၊ပေ၂၀x ပေ၈၀၊ပေ၂၀x ပေ၁၅၀၊ ပေ၂၀x ပေ၁၀၀ စတဲ့နံပါတ်တွေတပ်၊တိုင်းတာပြီး ရောင်းချတာလို့ ဆိုတယ်။ မြေတစ်ကွက်ကို သိန်း ၂၀၊၂၅ သိန်း၊ သိန်း၃၀ စသည်ဖြင့် ဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းချတာဖြစ်ပါတယ်။
“လူသိရှင်ကြားရောင်းချနေတာ ၊ ဒါကြောင့်လည်း တရားဝင်ရောင်းချတာလို့ ထင်မိတာ၊ သေချာမသိတော့ တကယ်ထင်ပြီး၊ ယုံကြည်မှု့နဲ့ဝယ်ခဲ့တာ၊ ဝယ်ယူစဉ်မှာ လဲရပ်ကွက်တာဝန်ရှိသူတွေက တစ်စုံတစ်ရာ သတိပေးတားမြစ်တာမျိုး မရှိဖူး၊ ဝယ်ပြီး လေးလ၊ငါးလအကြာမှာ သက်ဆိုင်ရာဌာနကနေ မကျူးကျော်ရဆိုပြီး ခြံခတ်သွားတယ်၊ ရှိစုမဲ့စု ဝယ်ထားကြတာဆိုတော့ သက်ဆိုင်ရာဌာနတွေအထိ တိုင်ကြားထားတယ်” လို့ မြေကွက်ဝယ်ယူမိသူ ဒေါ်ရီရီ (အမည်လွှဲ)ကပြောပါတယ်။
ထပ်မံလိမ်လည်
လယ်ယာလုပ်ပိုင်ခွင့် မကျသေးတဲ့ မြေတွေကိုရောင်းချတယ်။ လုပ်ပိုင်ခွင့်မကျသေးတဲ့ မြေမှန်းသိရှိတဲ့ သူတွေကို ဝယ်ရောင်းလုပ်နေတဲ့ မြေပွဲစားတွေက အထူးဂရံလျှောက်ခွင့်ပေးထားတယ်။ ဌာနဆိုင်ရာတွေ အကြီးအကဲတွေရဲ့ အမည်တွေကိုသုံးပြီး ဂရန်လျှောက်ထားဖို့အတွက် မြေဝယ်ထားသူတွေကို အခိုင်အမာ ပုံစံနဲ့ဌာနဆိုင်ရာနာမည် တွေတပ်ပြီး စာရွက်စာတမ်းတွေပေးကာ ဆန္ဒ္ဒ္ဒတောင်းခံမှုှု့ဆိုပြီး လက်မှတ်ထိုးခိုင်းတယ်။
ထိုသို့လျှောက်ထားမှု့အတွက် ကုန်ကျစရိတ်အတွက် ငွေဖြတ်ပိုင်းစာရွတ်နဲ့ အတိအလင်းပုံစံ စာရွတ်စာတမ်းအတု ပြုလုပ်ပြီး ငွေတောင်းခံတယ်လို့ သိရပါတယ်။ လိမ်လည်ထားတဲ့ စာရွတ်စာတမ်းအားလုံးကို အတိအကျ အခိုင်အမာ တရားဝင်ကဲ့သို့ ပြုလုပ်ပြီး လိမ်လည်တာလို့ဆိုတယ်။
ဒေါ်ခင်ခင်က “အန်တီလဲ အသုံးမကျတာပါ၊ ကိုယ့်အမှားလည်းပါတယ်၊ ပထမ မြေကွက်ဝယ်ဖို့လာပြောတဲ့သူနဲ့ ခင်နေတော့ ယုံမိလိုက်တာနဲ့ ပိုက်ဆံပုံပေးလိုက်မိတာ၊ ကျန်းမာရေးကြောင့်ဆေးရုံတက်နေစဉ်မှာပဲ စာရွတ်စာတမ်းလာပို့တော့ စာချုပ်မှာက ကိုယ်မတွေ့မမြင်ဖူးတဲ့သူ နာမည်နဲ့ စာချုပ်ပါအကြောင်းအရာတွေကလဲ သူတို့ဘက်ပါအောင် ရိုက်နှိပ်ထားတယ်၊ ကိုယ့်မှာလဲ ဘာမှမလုပ်နိုက်ဘူး ဖြစ်နေတယ်” လို့ပြောပါတယ်။
ငွေပြန်အမ်းပေးတယ်
ဝယ်ယူထားမိတဲ့ သူတစ်ချို့ထဲက မခံနိုင်တဲ့သူတချို့က စာရွတ်စာတမ်းတွေ အကုန်စုပြီး ခံရတဲ့သူတွေ စုပေါင်းပြီး တိုင်းဒေသကြီးရုံးတွေအထိ စာတင်ပြီးတိုင်ကြားထားတယ်။ မတိုင်ကြားခင်က ထိုသို့ပြုလုပ်ရောင်းချတဲ့သူဆီ သွားရောက်ညှိုနှိုင်းပေမယ့် မပြေလည်တာကြောင့်လို့ ဆိုတယ်။ တိုင်ကြားတဲ့ သတင်းကြောင့် တချို့ကိုငွေပြန်အမ်းတယ်လို့ သိရတယ်။
“တိုင်းဒေသကြီးကို စာတင်တယ်ကြားတော့မှ ပြန်ပြီး ပိုက်ဆံပြန်အမ်းပေးတယ်၊ ဒါပေမယ့် အကုန်လုံးမဟုတ်ဘူး၊ ဝယ်ထားတဲ့ သူတွေအားလုံးမဟုတ်ဖူး၊ တစ်ချို့ဆို ဂရန်လျှောက်ဖို့ငွေသုံးသိန်းပါထပ်ပေးထားတာတွေ ရှိတယ်၊ အခုစည်ပင်ရုံးကြီးကနေ တစ်ဆင့် အဲ့လိုလူလိမ်တွေ စီးပွားရေးလုပ်လို့ မရအောင် ဌာနတွေအဆင့်ဆင့် တိုင်ကြားသွားမှာ၊ လိုအပ်ရင်နေပြည်တော်အထိစာတင်မှာ”လို့ဒေါ်ရီရီက ပြောပါတယ်။
အခုလို လိမ်လည် ရောင်းချမှုတွေကို ဝယ်ယူမိသူတွေ တစ်နေ့တစ်ခြား များလာတယ်။ဒေါ်ခင်ခင်၊ ဒေါ်ရီရီတို့ ဝယ်ထားတဲ့ မြေရောင်းသူထံမှ ဝယ်ယူမိထားသူက ခုနစ်ဦးလောက်ရှိပြီး တန်ဖိုးမှာသိန်းထောင်ဂဏန်းဖိုး ရှိတယ်လို့ သိရပါတယ်။
Ref : Kumuda Journal
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ