By နိုနိုအောင်နှင့် တင်ရတနာထွန်း, Shweproperty.com
Updated at 15 May 2014
လမ်းမတော်မြို့နယ်ရှိ လမ်းသစ်ရိပ်သာ ပြည်သူ့ အိမ်ရာကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန ကပြန်လည်ပြင်ဆင်ဆောက်လုပ်ရန် စီစဉ်လျက်ရှိရာ မိုးမကျမီ အကောင်အထည်ဖော်စေလိုကြောင်းနေထိုင်သူများက ယခုလ ၆ ရက်နေ့တွင် ပြောသည်။
"လမ်းသစ်ရိပ်သာအိမ်ရာကို အဆင့်မြင့် အိမ်ရာအဖြစ် ပြုပြင်ဆောက်လုပ်ဖို့ အိုးအိမ်နဲ့ ဆွေးနွေးထားပေမယ့် အကြောင်းကြောင်းကြောင့် နှောင့်နှေးနေတုန်းပဲ။ ဖြစ်နိုင်ရင်တော့ စီမံကိန်းကို အမြန်ဆုံးစစေချင်ပါတယ်" ဟုအဆိုပါရိပ်သာတွင်နေထိုင်သူ ဒေါ်ခင်လှမြင့် က မြန်မာတိုင်း(မ်)ကိုပြောသည်။
လမ်းသစ်ရိပ်သာအိမ်ရာတွင် နေထိုင်သူအများစုမှာ အငြိမ်းစား အစိုးရဝန်ထမ်းများ ဖြစ်ပြီး မိသားစုအစဉ်အဆက် နှစ်ပေါင်းများစွာနေထိုင်လျက်ရှိသူများဖြစ်ကြောင်း ထိုအိမ်ရာတွင်နေထိုင်သူများကပြောသည်။
အိမ်ရာတွင် လေးထပ်တိုက် ၁၁ လုံးပါဝင်ပြီး အဆိုပါတိုက်အိမ်များအားလုံးမှာ သက်တမ်း ၅၇နှစ်ရှိပြီ ဖြစ်သည်။
"စည်ပင်ဥပဒေအရ နောက်သုံးနှစ်ဆိုရင် ဒီတိုက်တွေဟာ အန္တရာယ်ရှိအဆောက်အအုံ အဖြစ်သတ်မှတ်ခံရတော့မှာပါ။ တိုက်တွေက လည်း အရမ်းကို ယိုယွင်း ပျက်စီးနေပြီ။ဒီတော့ ကျွန်တော်တို့က အန္တရာယ်ကင်းကင်း စိတ်ချလက်ချနေလို့ရနိုင်မယ့် အိမ်ရာအသစ်ကို အမြန် ဆုံး တည်ဆောက်စေချင်တယ်" ဟု နေထိုင်သူ တစ်ဦးဖြစ်သည့် ဦးစိန်ဝင်းကပြောသည်။
နေထိုင်သူများက အိမ်ခန်းမျက်နှာကြက် အင်္ဂတေပြားများကွာကျခြင်း၊ မိုးရွာပါက မျက်နှာကြက်ကရေယိုခြင်း၊ တိုက်ခန်းလှေကား များဆွေးမြေ့နေခြင်း၊ မိလ္လာပိုက်များ ပေါက်ပြဲနေမှုကြောင့်အနံ့ဆိုးများရရှိနေခြင်း၊ ရေမြောင်း များ ပိတ်ဆို့နေခြင်းတို့ကြောင့် နေရေးထိုင်ရေးခက်ခဲနေကြောင်းပြောသည်။
"မိုးတွင်းဆိုရင် မျက်နှာကြက်ကရေယိုပြီး နံရံတွေကလည်း ရေတွေစီးကျလာနေပြီ။ ရေဒဏ်ကြောင့်နံရံကအင်္ဂတေတွေ အုတ်တွေလည်း ဆွေးမြေ့နေပြီ။ ဒီမိုးတွင်းမရောက် ခင် အမြန်စစေချင်တယ်"ဟု ကျောင်းဆရာမ ဒေါ်လင်းလင်းကပြောသည်။
အဆိုပါအိမ်ရာမှာ အစိုးရပိုင်အိမ်ရာဖြစ်သည့်အတွက် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီး ဌာနကပြန်လည်တည်ဆောက်ပေးမည်ဟုဆိုကာ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလက နေထိုင်သူများနှင့် ငါးကြိမ်ခန့်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး တောင်းဆိုချက်အချို့တွင် အဆင် မပြေမှုများရှိ သည့်အတွက် ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းတွင် အိုးအိမ်ဌာန ဘက်က လာရောက်ညှိနှိုင်းခြင်းမရှိတော့ ကြောင်းနေထိုင်သူများက ပြောသည်။
အိမ်ရာတွင် တိုက်ခန်းစုစုပေါင်း ၂၆၄ ခန်းရှိပြီး ငါးခန်းက အိမ်ရာသစ်ပြန်လည် တည်ဆောက်မည့်အပေါ် ကန့်ကွက်ချက်များလည်းရှိသည်။ "အိုးအိမ်က တစ်အိမ်ထောင်ကို ပြောင်းရွှေ့ စရိတ်စုစုပေါင်း ကျပ်ခြောက်သိန်းပေးမယ်လို့ ပြောတယ်။ တည်ဆောက်ဆဲ ကာလမှာ ပြောင်းရွှေ့ နေထိုင်ဖို့ တစ်လကို ကျပ်သုံးသိန်း နှုန်းပေးမယ်လို့ ပြောတယ်။ နောက်ပြီး မူလ အခန်း၊ မူလအထပ်ပဲပြန်ရမယ်။ ကားပါကင် တစ်စီးစာ ရမယ်။ ကျွန်တော်တို့က ဒါတွေသဘောတူတယ်။ဒါပေမဲ့ တချို့က စတုရန်းပေ ၂,၀၀၀ ကျယ်တဲ့ အခန်းပေးရမယ်။ အခန်း အတွက် ပိုင်ဆိုင်မှု အထောက်အထားပေးရမယ်ဆိုပြီး တောင်းဆိုတယ်။ အိုးအိမ်ဘက်ကလည်း ဒါအစိုးရပိုင်နေရာမို့အိမ်ပိုင်ကတော့ မပေးနိုင် ဘူး။ အဲဒီမှာ ကြန့်ကြာနေတယ် ပြောရမှာပေါ့" ဟု ဦးစိန်ဝင်းကပြောသည်။
အဆိုပါအိမ်ရာကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက အထပ် ၁၂ ထပ်မြင့် အဆင့်မြင့်အိမ်ရာအဖြစ် တိုးချဲ့အကောင်အထည်ဖော် မည်ဖြစ်သည်။ နေထိုင်သူများက မူလအခန်း၏ အကျယ်ဝန်းထက် ၅၀ စတုရန်းပေ ပိုမိုကျယ်ဝန်း သောအခန်းများရရှိမည်ဖြစ်ပြီး ဆောက်လုပ် အပြီး အခြေချနေထိုင်ရာတွင် ငွေကြေးထပ်မံ ပေးစရာမလိုဟု သဘောတူထားကြောင်း နေထိုင်သူများကပြောသည်။
"လမ်းသစ်ရိပ်သာ အိမ်ရာစီမံကိန်းကို အဆင့်မြင့်အိမ်ရာအဖြစ်တိုးချဲ့ဖို့ နေထိုင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့တယ်။ ဒီအဆောက်အအုံက သက်တမ်းကြာနေတာ ဆိုတော့ အသစ်ပြန်ပြင်ဆောက်ဖို့ သူတို့ကိုနားလည်အောင် ရှင်းပြတယ်။ ဒီမိုကရေစီစနစ် ဆိုတော့ အများစုရဲ့ဆန္ဒကို ဦးစားပေးမှာဖြစ်ပါတယ်။ သူတို့က ဒီအိမ်ရာကို ပြန်ပြင်ဆောက်ဖို့တင်ပြလာရင် ဆောက်ပေးမယ်။ အများစုက ပြန်ပြင်ဆောက်ဖို့သဘောမတူရင် မဆောက် ချင်ရင် ဆောက်မပေးဘူး"ဟု မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောသည်။
လမ်းသစ်ရိပ်သာ အိမ်ရာစီမံကိန်းကို ၅၁ လမ်း အိမ်ရာစီမံကိန်းကဲ့သို အဆင့်မြင့်အိမ်ရာ ဆောက်လိုပြီး အဆင့်မြင့်အိမ်ရာအဖြစ် တိုးချဲ့ တည်ဆောက်ပါက နေထိုင်သူများအခန်း ပြန်ရရှိရေး၊ရွှေ့ပြောင်းစရိတ်နှင့် အိမ်ငှားခများကို ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
"အဆင့်မြင့်အိမ်ရာ တိုးချဲ့တည်ဆောက်ပြီး ရင် လက်ရှိနေထိုင်တဲ့အခန်းအကျယ်ထက် တစ်ခန်းကို ၅၀ စတုရန်းပေ တိုးချဲ့ပေးမယ်။ ကားတစ်စီးစာ ကားပါကင် တစ်ခန်းပေးမယ်။ အိမ်တည်ဆောက်ဆဲကာလ ၁၈ လအတွက် အိမ်ငှားနေစရိတ် တစ်လကို သုံးသိန်းနဲ့ ၅၄ သိန်း ပေးမယ်။ အိမ်ပြောင်းရွေ့စရိတ်ကလည်း ခြောက်သိန်းပေးမယ်။ အထပ်မြင့်ဆောက်ရင် အောက်ဆုံးထပ်ကကားပါကင်ဖြစ်သွားပြီဆို တော့ တိုက်ခန်းအထပ်က လက်ရှိထက် တစ်ထပ်စီ အပေါ်ရောက်သွားမယ်" ဟု ဦးယုခိုင်က ပြောသည်။
Ref : MM Times
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ