By Myanmar Times, Shweproperty.com
Updated at 7 May 2015
(၁၉၆၀) ပြည့်နှစ် မြို့ပြဆိုင်ရာ ငှားရမ်းခြင်းအက်ဥပဒေအား ခေတ်စနစ်နှင့်လျော်ညီစေရန်အတွက် အသစ်ပြန်လည်ရေးဆွဲခဲ့ပြီး အမြန်ဆုံး အတည်ပြုပြဋ္ဌာန်းနိုင်ရန် စီစဉ်နေလျက်ရှိကြောင်း ဥပဒေရေးဆွဲသူများက ပြောသည်။ အဆိုပါ ဥပဒေသည် (၁၉၄၆) ဥပဒေကို ပြန်လည်ပြင်ဆင်ခဲ့ပြီး မြို့ပြဆိုင်ရာငှားရမ်းခြင်းအက်ဥပဒေ (၁၉၆၀)အဖြစ်ပြန်လည် ပြင်ဆင်အသုံးပြုလာသည်မှာ နှစ်ပေါင်းကြာမြင့်လာခဲ့သည့်အတွက်လက်ရှိ ငှားရမ်းခြင်းအခြေအနေများ၊ ခေတ်နှင့်မလျော်ညီတော့သည့် ပြဋ္ဌာန်းချက်များပါရှိသောကြောင့် အသစ်ပြန်လည် ရေးဆွဲခြင်းဖြစ်ကြောင်း မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးမှုဦးစီးဌာန တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးဝင်းနိုင်က ပြောသည်။ "ဒီဥပဒေကို ပြည်ထဲရေးဝန်ကြီးဌာနက ဦးစီး ရေးဆွဲပါတယ်။ ကျွန်တော်တို့ အိုးအိမ်ကလည်း တွဲဖက်အနေနဲ့ ပါဝင် ပါတယ်။ အဓိက ဒီဥပဒေကို အသစ်ပြန် ရေးဆွဲရတာက (၁၉၆၀) ဥပဒေက အရမ်း အိုဟောင်းနေတော့ အခုကျင့်သုံးနေကြတဲ့ ငှားရမ်းခြင်းတွေနဲ့က မအပ်စပ်တော့ဘူး၊ ပြီးတော့ အိမ်ရှင်၊ အိမ်ငှားတွေကြားမှာ ပြဿနာတစ်စုံတစ်ခု ဖြစ်လာရင် ဖြေရှင်းနိုင် မယ့်၊ ကာကွယ်ပေးနိုင်မယ့် ဥပဒေတွေကို အဓိကထားပြီး အသစ်ပြန်ဆွဲခဲ့ကြတာပါ" ဟု ၎င်းကပြောသည်။ အသစ်ပြန်လည်ရေးဆွဲပြီးစီးခဲ့သည့် မြို့ပြဆိုင်ရာ ငှားရမ်းခြင်းအက်ဥပဒေအား လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ပြီး အတည်ပြုချက်ရရှိသည်နှင့် ထုတ်ပြန်နိုင်ရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူများက ပြောသည်။ ထို့ပြင် ယင်းဥပဒေသစ်သည် အိမ်ငှားရမ်းခ များကို ထိန်းချုပ်ရန်အတွက် ဈေးနှုန်း သတ် မှတ်ချက် များကို ရေးဆွဲထားခြင်းမဟုတ်ဘဲ အိမ်ရှင်နှင့် အိမ်ငှားများအကြား အိမ် ငှားရမ်းခ ညှိနှိုင်း မရခြင်းများ ဖြစ်ပေါ်လာ သည့်အခါတွင် ဖြေရှင်းနိုင်ရန်အတွက် ငှားရမ်းခနှုန်းထား စံနှုန်း တစ်ခုအဖြစ် ရှိစေရန် အတွက်သာ သတ်မှတ်ထားခြင်းဖြစ်ကြောင်း ဦးဝင်းနိုင်က ပြောသည်။ "ဒီဥပဒေကို အသစ်ပြန်ရေးတာက ငှားရမ်းခတွေ ကြီးမြင့်နေတာတွေကို ထိန်းချုပ် ဖို့မဟုတ် ဘူး။ အိမ်ရှင်နဲ့ အိမ်ငှား ငှားရမ်းခနဲ့ပတ်သက်ပြီး ပြဿနာတစ်စုံတစ်ခုဖြစ်ရင် စံနှုန်းတစ်ခုအနေ နဲ့ ဥပဒေက သတ်မှတ်ပေး ထားတွေနဲ့ ပြန်ညှိနှုန်းလို့ရအောင်ပဲ ရေးဆွဲထားတာ။ ငှားရမ်းနှုန်း ထားတွေကို ဥပဒေနဲ့ထိန်းချုပ်လို့ မရဘူး။ ဈေးကြီးမြင့်တာတွေကို လျော့နည်းစေချင်ရင် အခွန်နဲ့ပဲထိန်းချုပ်လို့ ရတယ်။ အခွန်များများကောက်မှ ဈေးတွေ ကျမှာ" ဟု ၎င်းက မြန်မာတိုင်း(မ်) ကို ပြောသည်။ "အိမ်ရှင်အိမ်ငှား ပြဿနာကို ဥပဒေ ကြောင်းအရ ဖြေရှင်းနိုင်မယ်ဆိုရင်တော့ ကောင်း တာပေါ့၊ ခြောက်လတစ်ကြိမ်လောက် အခုဆို အိမ်လခတိုးမြင့်တဲ့ဒဏ်ကို ခံနေရ တယ်" ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် အိမ်ငှား ရမ်းနေထိုင်သူ ဒေါ်အေးဝင်းက ပြောသည်။ (၁၉၆၀) ဥပဒေအဟောင်းမှာ အိမ်ရှင်နှင့် အိမ်ငှားများ၏ လိုက်နာရမည့် နည်းဥပဒေများ ထဲတွင် အိမ်ငှားများအတွက် အဓိက အလေး ပေးရေးဆွဲထားသည့်အတွက် ယခုဥပဒေ အသစ်မှာ အိမ်ရှင်၊ အိမ်ငှား နှစ်ဦးစလုံး အတွက် အဓိကရေးဆွဲထားကြောင်း တာဝန်ရှိသူ များက ပြောသည်။ "အရင်ဥပဒေအဟောင်းက အဓိက ရန်ကုန်မြို့က အိမ်ငှားရမ်းခြင်းတွေ အတွက် အဓိကရေးဆွဲထားသလိုဖြစ်နေခဲ့တယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ ရန်ကုန်မြို့ မှာ အိမ်ပိုင်ရှင်တွေက နိုင်ငံခြားသားတွေအများဆုံးဖြစ်ပြီး အိမ်ငှားတွေက တိုင်းရင်း သား မြန်မာပြည်သူတွေဖြစ်တော့ အဲ့ဒီအတွက် ဥပဒေတွေ ရေးခဲ့ကြတာ။ အဲဒီ တုန်းကစနစ်နဲ့ ဥပဒေအဟောင်းထဲမှာတော့ အိမ်ငှားတွေရဲ့ အခွင့်အရေးကို ပိုအရေးပေးဆွဲထားတာတွေရှိတယ်" ဟု ဦးဝင်းနိုင်က ပြောသည်။ "အတိုင်းအတာတစ်ခုထိတော့ အိမ်ရှင် အိမ်ငှားပြဿနာကို ဖြေရှင်းပေးနိုင်မှာပါ။ အိမ်ငှားနေ တဲ့လူတွေအတွက် ဈေးသက်သာ တဲ့ အိမ်ရာစီမံကိန်းတွေ၊ အငှားချအိမ်ရာ စီမံကိန်းတွေကို ပိုပြီးတည်ဆောက်ပေးသင့်ပါ တယ်" ဟု အိမ်ခြံမြေအကျိုးဆောင်ရှေ့နေ ဦးတင်လှက ပြော သည်။ ထို့ပြင် အဆိုပါ ဥပဒေအသစ်မှာ တစ် နိုင်ငံလုံးရှိ မြို့ပြဒေသများ၏ မရွှေ့ပြောင်းနိုင် သော ငှားရမ်းခြင်းများ အားလုံးအတွက် အကျုံးဝင်မည် ဖြစ်သည်။
Ref : Myanmar Times
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ