By The Voice Weekly, Shweproperty.com
Updated at 30 August 2013
အာရှတိုက်၏ မြေဈေးနှုန်းအမြင့်ဆုံး နိုင်ငံများတွင် ပါဝင်သည့် မြန်မာနိုင်ငံ၏ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ လျော့ကျစေရန် ရည်ရွယ်၍ မြို့နယ်အလိုက် မြေဈေးနှုန်း သတ်မှတ်ထားကြောင်း အစိုးရက ပြောဆို လိုက်ခြင်းကြောင့် ရန်ကုန်အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် ဝယ်ယူမှုများ လျော့ကျသွားပြီး ဈေးကွက်ငြိမ်နေကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။
အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများကို မြို့နယ်အလိုက် သတ်မှတ်မည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း က ပြောကြားထားသော်လည်း သတ်မှတ်ဈေးနှုန်းများ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးသောကြောင့် အိမ်၊ ခြံ၊ မြေ ဝယ်ယူမည့်သူများက ဝယ်ယူခြင်း မရှိသေးဘဲ စောင့်ကြည့်နေကြောင်း ပြည်ကြီးတံခွန် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာ ဦးနေဇော်အောင်က ပြောကြားသည်။
“ဝယ်ရောင်းသမားတွေကပါ စောင့်ကြည့်နေကြတာဆိုတော့ အိမ်၊ ခြံ၊ မြေ ဈေးကွက်က ငြိမ်နေတာပါ” ဟု စိုင်းခွန်နောင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာ ဦးရန်အောင်က ဆိုသည်။
လက်ရှိ ရန်ကုန်မြို့၏ အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် ကျပ်သိန်း ၁၀၀၀ ခန့် တန်ဖိုးရှိ မြေကွက်များသာ အနည်းငယ် အရောင်းအဝယ်ဖြစ်ပြီး ဈေးနှုန်းများ လျော့ကျခြင်း မရှိသေးကြောင်း ၎င်းကဆိုသည်။
မြို့နယ်အလိုက် သတ်မှတ်မည့် မြေဈေးနှုန်းများ အတိအကျ ထွက်ပေါ်လာပါကလည်း ရန်ကုန်မြို့၏အိမ်၊ ခြံ၊ မြေဈေးနှုန်းများ လျော့ကျခြင်း မရှိဘဲ ပုံမှန်အတိုင်းသာ ဆက်လက်တည်ရှိနိုင်ကြောင်း ရန်ကုန်မြို့ အတွင်းရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက သုံးသပ်ပြောကြားသည်။
အိမ်၊ ခြံ၊ မြေအကျိုးဆောင်များက ယင်းသို့သုံးသပ်သော်လည်း မြေဈေးနှုန်း သတ်မှတ်ခြင်း ဆောင်ရွက်ချက်မှာ ပြည်တွင်းအိမ်၊ ခြံ၊ မြေဈေး ကျဆင်းရေးအတွက် အစိုးရ၏ ကနဦး ခြေလှမ်းသာဖြစ်ပြီး နောက်ဆက်တွဲ ဆက်တိုက်လုပ်ဆောင်မည့် အစီအစဉ်များ ရှိသည်ဟု ယူဆရကြောင်း စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။
Ref : The Voice Weekly
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ