By The Myanmar Times, Shweproperty.com
Updated at 19 October 2017
မန္တလေးမြို့ရဲ့ မြို့တွင်းအိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်ထက် အငှားဈေးကွက်ကသာ ဆက်လက်ဦးဆောင်နေဆဲဖြစ်တယ်လို့ အိမ်မြေအကျိုးဆောင်တချို့က ပြောပါတယ်။
မြို့တွင်းအိမ်ခြံမြေဈေးကွက်အတွင်း တန်ဖိုးမြင့်မားတဲ့ အိမ်ခြံမြေအကွက်အကွင်းတွေဟာ အရောင်းအဝယ်မဖြစ်သလောက် နည်းပါးနေဆဲ ဖြစ်ပေမဲ့ အိမ်မြေအငှားဈေးနှုန်းတွေကတော့ တစ်နှစ်ထက်တစ်နှစ် မြှင့်ခေါ်လာသလိုဈေးကွက်တောင်းဆိုမှုလည်း ကောင်းနေပါတယ်။
မြို့တွင်းမှာ အဆောက်အအုံကောင်း၊ အကွက်အကွင်းကောင်းရင် အငှားဈေးနှုန်းကို ကောင်းကောင်းခေါ်နိုင်တာကြောင့် အရောင်းအဝယ်အေးပေမဲ့ အိမ်မြေပိုင်ရှင်တွေအနေနဲ့ သိပ်မှုစရာမလိုပါဘူး။
မန္တလေးမြို့ အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်အေးနေတာ နှစ်ရှည်ကြာမြင့်နေပြီး မြို့တွင်းဈေးကွက်ဟာ မြို့သစ်ဈေးကွက်ထက် အခြေအနေပိုဆိုးပါတယ်။ ဒါပေမဲ့ အငှားဈေးကွက်မှာတော့ မြို့တွင်းရော၊ မြို့သစ်မှာပါ ဈေးကွက်တောင်းဆိုမှုကောင်းနေပြီး ဈေးနှုန်းတွေက တစ်နှစ်ထက်တစ်နှစ် မြင့်တက်နေပါတယ်။ အထူးသဖြင့် မြို့တွင်းပိုင်းမှာ ဖြစ်ပါတယ်။
မြို့တွင်းမှာဆိုရင် အရှေ့နဲ့အနောက်မှာ ၆၆ လမ်းကနေ ၈၄ လမ်းအတွင်း၊ တောင်နဲ့မြောက်မှာ သိပ္ပံလမ်းကနေ ၂၆ လမ်းအတွင်း အိမ်မြေတွေဟာ အငှားဈေးနှုန်းတွေ သိသိသာသာ ကောင်းလာပါတယ်။ မဟာအောင်မြေ၊ ချမ်းအေးသာစံ မြို့နယ်တွေဟာ ကုမ္ပဏီရုံးခန်း၊ ဆိုင်ခန်း၊ အရောင်းပြခန်းဖွင့်လိုသူတွေ အများဆုံးဦးစားပေးစဉ်းစားလိုကြတဲ့ အကွက်အကွင်းတွေဖြစ်နေပါတယ်။
အကွက်အကွင်းကောင်းတဲ့ ၇၃ လမ်းပေါ်မှာဆိုရင် အကျယ် ၁ဝ ပေပတ်လည်လောက်သာရှိတဲ့ ဆိုင်ခန်းတစ်ခန်းကို တစ်လခေါ်ဈေး ကျပ် ၁ဝ သိန်းလောက်ရှိပြီး အဓိက မိန်းလမ်းမတန်းတစ်ခုခုပေါ်ကို တင်မယ်ဆိုရင် နေရာအကျယ်အဝန်းနဲ့ အဆောက်အအုံကောင်းရင် ကောင်းသလို တစ်လကို ကျပ်သိန်း ၂ဝ အောက်ထစ် ဈေးခေါ်နေကြပါတယ်။
မြို့သစ်ထဲမှာဆိုရင်လည်း သွားရေးလာရေးအဆင်ပြေပြီး၊ နေလို့ထိုင်လို့ဖြစ်တဲ့ အိမ်အနေအထားဆိုရင် အောက်ထစ် ကျပ်တစ်သိန်း ပေးရပြီး၊ မိန်းလမ်းမ တစ်လမ်းလမ်းပေါ်မတင်ပေမဲ့လူနေသိပ်သည်းတဲ့ ဧရိယာထဲဖြစ်မယ်၊ အဆောက်အအုံလည်း ကောင်းမယ်ဆိုရင် တစ်လကို အောက်ထစ် ကျပ် ၁ဝ သိန်း အနည်းဆုံး ဈေးပေါက်နေပါတယ်။
အငှားဈေးနှုန်းတွေ တစ်နှစ်ထက်တစ်နှစ်မြင့်မားနေတာကြောင့် ငှားရမ်းလိုသူတွေအနေနဲ့ ပိုအကျပ်ရိုက်ဖွယ်ရှိနေပြီး မဖြစ်မနေ အလုပ်ဆက်လုပ်ရမယ့် လုပ်ငန်းတွေအနေနဲ့ ငှားရမ်းပြီဆိုရင် နှစ်ရှည်ငှားရမ်းနိုင်ဖို့ ကြိုးပမ်းကြရပါတယ်။
နှစ်ရှည်ဆိုရာမှာ အနည်းဆုံးသုံးနှစ်လောက်ကို ပထမဆုံးနှစ်က နှုန်းထားအတိုင်း တစ်ပြေးတည်းသတ်မှတ်ပြီး ငှားခွင့်ရရင် အတော်အဆင်ပြေတယ်လို့ ဆိုရမှာပါ။ ဒါပေမဲ့ အနည်းဆုံးတော့ တစ်နှစ်ပြီးတစ်နှစ် ရာခိုင်နှုန်းအလိုက် အိမ်လခကို တိုးမြှင့်တောင်းခံသွားကြတာများတယ်လို့ အကျိုးဆောင်တချို့က ပြောပြီး မြို့တွင်း အိမ်မြေအငှားဈေးကွက်ဟာ ငှားရမ်းသူက အားသာတဲ့ ဈေးကွက်အဖြစ် ဆက်ရှိနေမှာဖြစ်ကြောင်း သုံးသပ်ကြပါတယ်။
Ref & Photo Credit : The Myanmar Times
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ