By Baganthar, Shweproperty.com
Updated at 11 September 2019
အိမ်ခြံမြေအရောင်း အငှားလုပ်ငန်းများအား လိုင်စင်မရှိဘဲ ပွဲစားအဖြစ် ပြုလုပ်နေသူများအား ငွေဒဏ်သိန်းသုံးဆယ်အပါအဝင် ထောင်ဒဏ်ခြောက်လထိ ချမှတ်နိုင်မည့်ဥပဒေ မကြာမီထွက်ရှိလာ မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်မို့မို့အောင်က ပြောသည်။
မကြာမီတွင် အတည်ပြုပြဌာန်းနိုင်တော့မည့် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုဥပဒေတွင် ပါဝင်လာသည့် အချက်များကြောင့် အိမ်ခြံမြေအရောင်းအငှားပွဲစားပြုလုပ်သူများသည် လိုင်စင်ရှိထားရန် လိုအပ်ကာ လိုင်စင်မရှိပါက ငွေဒဏ်သိန်းသုံးဆယ်အပါအဝင် ထောင်ဒဏ်ခြောက်လထိ ချမှတ်နိုင်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ သိရသည်။
”အခုက ရပ်ကွက်တွေ လမ်းတွေထဲမှာ လူတိုင်းလိုလိုက ပွဲစားဖြစ်နေတဲ့သဘောရှိတယ်၊ ကွမ်းယာဆိုင်ကလည်း ပွဲစားပဲလုပ်နေကြတယ်။ ဥပဒေအနေနဲ့ပြဋ္ဌာန်းလိုက်ရင်တော့ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းလိုင်စင်တခုခု ကိုင်ထား ရမှာဖြစ်ပြီးတော့ မကိုင်ထားရင်တော့ ထောင်ဒဏ်ခြောက်လထိ ချမှတ်သွားမှာဖြစ်တယ်၊ လိုင်စင်ရသွားတော့ ဘာဖြစ်လဲဆိုတော့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသွားမယ်၊ နောက်အရောင်းအဝယ်မဖြစ်ဘဲ ပွဲစားခလိမ်သွားတာမျိုးတို့ မဖြစ်တော့ဘူး၊ နောက်ပွဲစားအချင်းချင်းလည်း ကျော်တာတွေ ခွတာတွေ မရှိတော့ဘူး”ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်မို့မို့ အောင်က ဆက်ပြောသည်။
ထိုကဲ့သို့ အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေပြဋ္ဌာန်းပြီးပါက အိမ်ခြံမြေအရောင်း အဝယ်အငှားလုပ်ငန်းများကို တရားဝင် လိုင်စင်မရှိဘဲ လုပ်ကိုင်ကြသည့်သူများ ရှိ၊ မရှိ စိစစ်နိုင်ရန် အစိုးရအဖွဲ့တာဝန်ရှိသူများ ဦးဆောင်ကာ ကော်မတီတရပ်ဖွဲ့စည်းပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
အိမ်ခြံမြေအရောင်းအဝယ်အငှားလုပ်ငန်းများအား တရားဝင်လိုင်စင်ဖြင့် လုပ်ကိုင်ချင်ကြသည့်သူများအနေဖြင့် လုပ်ငန်းလိုင်စင် A အမျိုးအစားအတွက် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းချုပ်မှ ဦးစီးကျင်းပမည့် စာမေးပွဲကို ဝင်ရောက်ဖြေဆိုရမည်ဖြစ်သည်။ ထို့အပြင် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း အတွေ့အကြုံ အနည်းဆုံး ၃ နှစ်ရှိသူများ အနေဖြင့် လုပ်ငန်းလိုင်စင် B အမျိုးအစားအတွက် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်းချုပ်မှ ဦးစီးဖွင့်လှစ်မည့်သင်တန်းအား တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : Baganthar
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ