By စမ်းမြမြအေး, Shweproperty.com
Updated at 4 July 2012
ရန်ကုန်မြို့တော်၏ တစ်ဖက်ကမ်း ဒလတွင် မြေလွတ်များကို ယခင်နှစ်ကုန်ပိုင်းမှစတင်ကာ ငွေပိုရှိသောဒေသခံများက ဝယ်ယူသကဲ့သို့ မန္တလေး၊ မူဆယ်၊ လားရှိုးမြို့တို့မှ တရုတ်လူမျိုးအချို့လည်း လာရောက်ဝယ်ယူကြပြီး ကျပ်သိန်းသုံးရာအောက်ရှိသော မြေကွက်အချို့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းလည်း ၎င်းကဆက်လက်ပြောကြားသည်။ယခု မြို့ပြစီမံကိန်းဆောက်လုပ်ဖွယ်ရှိသည့်သတင်းကြောင့် ပုံမှန်သိန်း ၁၀၀ အောက်ဈေးပေါက်နေသော ပေ ၄၀ x ၆၀ မြေကွက်များကို ကျပ်သိန်း ၁၅၀၀ မှ သိန်း ၂၀၀၀ အတွင်း ဈေးခေါ်ထားကြောင်း ဒေသခံဝယ်ရောင်း တစ်ဦးက ပြောဆိုသည်။
“အခုဈေးတွေက ကမ်းနားဘက်နဲ့ တွံတွေး၊ ကော့မှုး၊ ကွမ်းခြံကုန်းဘက်ကို သွားတဲ့လမ်းကမြေတွေကို မူဆယ်ဘက်က တရုတ်တွေက စိတ်ဝင်စားကြတယ်။ ဒါပေမယ့် ဈေးတွေက မဖြစ်နိုင်တာဆိုတော့ အခုသူတို့တွေက လယ်တွေပြောင်းဝယ်နေကြတယ်” ဟု ၎င်းက ထပ်မံပြောကြားသည်။
ဒလမြို့ကို ဒေါ်လာ ၅၄ ဘီလီယံ ကုန်ကျခံ၍ မြို့ပြစီမံကိန်းတည်ဆောက်မည့်သတင်းကြောင့် မြေဈေးများတစ်ဟုန်ထိုးမြင့်တက်ခဲ့ပြီး စိတ်ဝင်တစား လာရောက်တယ်ယူရန် ကမ်းလှမ်းသော်လည်း ဈေးအဆမတန် မြင့်မားမှုကြောင့် လက်တွေ့တွင် အရောင်းအဝယ်မဖြစ်ပဲ မြိုစွန်ဘက်ရှိလယ်မြေ တစ်ဧကလျှင် ကျပ် ၂၅ သိန်းမှ သိန်း ၃၀ ကြားတွင်သာ အရောင်းအဝယ်ဖြစ်နေကြောင်း၊ မြေကွက်များ အရောင်းအဝယ်မဖြစ်၍ ရန်ကုန်မှ ရုံးခွဲလာရောက်ဖွင့်လှစ်သော အိမ်၊ခြံ၊ မြေ အကျိုးဆောင်ကုမ္ပဏီ လေးခုအနက် နှစ်ခုပိတ်သိမ်းသွားကြောင်း ဒေသခံ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တစ်ဦးက The Voice Weekly သို့ ပြောပြသည်။
“အရင်က အထိနာတာဆိုတော့ မဝယ်ရဲဘဲနဲ့ စောင်ကြည့်အဆင့်ပဲ ရှိသေးတယ်။ ဒါတောင် တရုတ်တွေလာလို့ အရောင်းအဝယ် နည်းနည်းဖြစ်နေတာ” ဟု ၎င်းက ထပ်မံပြောကြားသည်။
အိမ်၊ ခြံ၊ မြေဈေးများမှာ အတက်အကျမြန်ဆန်နေပြီး မြေလွတ်များကို အဓိကထားဝယ်ယူလိုကြသော်လည်း ဒလမြို့လယ်တွင် ပေ ၄၀ x ပေ ၆၀ ထက်ပိုကျယ်သော မြေလွတ်များ ရှားပါးကြောင်း၊ ယခုမြေဈေးများအဆမတန်မြင့်တက်နေသော်လည်း အရောင်းအဝယ်မဖြစ်ကြောင်း၊ စီမံကိန်းများ လက်တွေ့လုပ်ဆောင်ပါက ယခုခေါ်ဈေးများနှင့် အရောင်းအဝယ်ဖြစ်နိုင်ကြောင်း ရန်ကုန်အခြေစိုက် လုပ်သက်နှစ် ၃၀ ခန့်ရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တစ်ဦးက ပြောဆိုသည်။
“လမ်းအကြိုအကြားက မြေကွက်လေးတွေတောင် သိန်း ၂၀၀ လောက်အော်နေတာ လမ်းမတန်းဘက်ဆို မေးတောင်မမေးရဲဘူး။ အခုတော့ မဖြစ်နိုင်တဲ့ဈေးတွေ ဝယ်သူမလာခင်တစ်မျိုး၊ လာတော့တစ်မျိုး” ဟု ရန်ုကုန်မြို့မှ လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
အိမ်၊ ခြံ၊ မြေအကျိုးဆောင် လုပ်ကိုင်နေသော ဝယ်ရောင်းအချို့ပင် အရောင်းအဝယ်အလုပ်အကိုင် မကောင်း၍ အခြားလုပ်ငန်းပြောင်းလုပ်နေရကြောင်း၊ အဆိုပါ တရားဝင်ကြောငြာထားခြင်း မရှိသေးသော စီမံကိန်းသတင်းအမျိုးမျိုးကြောင့် အိမ်၊ ခြံ၊ မြေဈေးများ အဆမတန်မြင့်တက်ခဲ့ကာ အမှန်တစ်ကယ်ဝယ်ယူလိုသူများ နောင်ဆုတ်သွားပြီး ဝယ်မည့်သူ မရှိလျှင် ဒေသခံများသာ နစ်နာမည်ဖြစ်ကြောင်း ရန်ကုန်အေခြေစိုက် ဝါရင့် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် တစ်ဦးက သုံးသပ်သည်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ