By Burma Irrawaddy, Shweproperty.com
Updated at 14 August 2017
ပြည်တွင်း စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဲခူးတိုင်းဒေသကြီး အင်းတကော်တွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မည့် စက်မှုုဇုန်တည်ထောင်ခွင့်ကိုလည်း သြဂုတ်လအတွင်း ပထမဆုံး အကြိမ် ခွင့်ပြုပေးခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင် (MIC) မှ သိရသည်။
ပဲခူးတိုင်းဒေသကြီး သာယာကုန်းကျေးရွာအုပ်စု အင်းတကော်ရှိ မြေဧက ၂၄၀၀ ကျော်တွင် စက်မှုဇုန် တည်ထောင် လုပ်ကိုင်ခွင့်ကို Hantharwady Development Public Co., Ltd က လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး ရင်းနှီးမြုပ်နှံမှု ပမာဏမှာ ကျပ်သန်းပေါင်း ၂၂၂ ဒသမ ၅၄ ဘီလီယံ ဖြစ်ကြောင်း၊ အဆိုပါ စက်မှုဇုန် ရင်းနှီးမြှုပ်နှံခွင့်ရရှိသူသည် ဇုန်နှင့်သက်ဆိုင်သည့် လမ်း၊ လျှပ်စစ်မီး၊ ရေ နှင့် စက်မှုဇုန်မှ အညစ်အကြေးများကို စွန့်ထုတ်သည့် လုပ်ငန်းများကို လုပ်ကိုင်သွားရမည် ဖြစ်ကြောင်း သိရသည်။
“ဘာမှမရှိတဲ့မြေကို လမ်းတွေလုပ်မယ်။ မြေကွက်တွေ ဖော်ဆောင်မယ်။ လျှပ်စစ်မီးပေးနိုင်အောင် လုပ်မယ်။ စက်မှုဇုန် တခုမှာ လိုအပ်တဲ့ လိုအပ်ချက်တွေကို တာဝန်ခံရင်းနှီးမြှုပ်နှံသူ တယောက်ကနေ အကုန်လုပ်မှာဖြစ်တယ်” ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။
Hantharwady Development Public Co., Ltd သည် မြန်မာနိုင်ငံသား လုပ်ငန်းရှင် CB ဥက္ကဋ္ဌ ဦးခင်မောင်အေး ပိုင်ဆိုင်သည့် ကုမ္ပဏီဖြစ်ပြီး လက်ရှိတွင် မြန်မာနိုင်ငံတွင်းရှိ အိမ်ယာ စီမံကိန်းများ လုပ်ကိုင်နှင့် စက်မှုဇုန်များ ဖော်ဆောင်ရန်အတွက် မြေများကို ဝယ်ယူခြင်းနှင့် ဖက်စပ်လုပ်ကိုင်လိုသည့် ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ဆောင်ရွက်နေသော ကုမ္ပဏီတခုဖြစ်သည်။
ယင်း လုပ်ငန်းများကို ယခင်က သက်ဆိုင်ရာအစိုးရနှင့် ကော်မတီဖွဲ့လုပ်ဆောင်သွားသော်လည်း အကျိုးသက်ရောက်မှု မရှိကြောင်း၊ အစိုးရမှ ကြီးကြပ်ဆောင်ရွက်ခြင်းက ဇုန်တခုလုံးကို ရာခိုင်နူန်းပြည့် မထိရောက်သောကြောင့် ယခုနောက်ပိုင်း လုပ်ကိုင်မည့် စက်မှုဇုန်များကို ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် တိုင်းနှင့်ပြည်နယ်များတွင် ဝန်ကြီးများပါဝင်သော ရင်းနှီးမြှုပ်နှံမှု ကော်မတီများကို ဖွဲ့စည်းပေးပြီး ဖြစ်ရာ စက်မှုဇုန်တည်ဆောက်ရန် လျာထားသည့် မြေနေရာများကို မြေသိမ်းကိစ္စရပ်များကို စက်မှုဇုန်အဖြစ် သိမ်းဆည်းနိုင်ရန် MICမှ အတည်ပြုပြီးလျှင် အစိုးရအဖွဲ့သို့ တင်ပြသွားရန် ရှိကြောင်း သိရသည်။
UMFCCI အသင်းချုပ် အတွင်းရေးမှူး ဦးအောင်ကြည်စိုးက’’စက်မှုဇုန်တခု ရှိလာပြီဆိုရင် အခွင့်အရေးတခုဖြစ်လာတယ်။ အလုပ်အကိုင်သွားရောက် လုပ်ကိုင်ရာမှာရောပေါ့။တိုင်းပြည်ရဲ့ လိုအပ်ချက်အနေနဲ့ လုပ်ငန်းရှင်တွေ အတွက် လျှပ်စစ်မီးလိုအပ်ချက် ရှိတယ်။ ငွေကြေးပံ့ပိုးကူညီမှု လိုတယ်။ ဇုန်ကတော့ ဒါပထမဆုံးခွင့်ပြုတဲ့ အဆင့်ဖြစ်တယ်။ ဇုန်အင်္ဂါရပ်နဲ့ ကိုက်ညီအောင်လုပ်ရမှာဖြစ်တယ်။ ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီအပေါ် မူတည်သလို နိုင်ငံတော်ရဲ့ ပံ့ပိုးမှုအပေါ်မှာလည်း မူတည်ပါတယ်။ ဒီဇုန်က ဘာကို ထုတ်လုပ်မလဲ။ နောက်ပြီး ဇုန်က ထုုတ်လုပ်တဲ့ လုပ်ငန်းတွေက နိုင်ငံတော်က သွားနေတဲ့ ပေါ်လစီနဲ့ ကိုက်ညီလားပေါ့။ ဒါတွေ လိုပါတယ်’’ဟု ဧရာဝတီသို့ပြောသည်။
မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင် (MIC) က သြဂုတ်လဆန်းအတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှု ၂၆ ခုကို ခွင့်ပြုခဲ့ရာ ရင်းနှီးမြုပ်နှံမှု ပမာဏပေါင်း အမေရိကန် ဒေါ်လာ ၂၆၄ ဒသမ ၇၉၇ သန်း ရရှိခဲ့ကြောင်း သိရသည်။
သြဂုတ် ၁ ရက်မှ သြဂုတ် ၁၀ ရက်အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၇ ခုနှင့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ၁၉ ခု ခွင့်ပြုခဲ့ရာမှ ပြည်တွင်းလုပ်သားများ အတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂၀၀၀ ကျော်ကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
MIC က ခွင့်ပြုခဲ့သည့် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းများမှာ စက်မှုလုပ်ငန်း၊ အိမ်ယာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးရေး ကဏ္ဍလုပ်ငန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍလုပ်ငန်း၊ စက်မှုဇုန်တည်ဆောက်မှု ကဏ္ဍလုပ်ငန်း၊ လျှပ်စစ် ဓာတ်အားပေးလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ လုပ်ငန်းနှင့် အခြားဝန်ဆောင်မှု ကဏ္ဍလုပ်ငန်းတို့ကို ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြီးခဲ့သည့် ဇူလိုင်လ အလယ်ထိ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်မှ ပြည်တွင်း၊ ပြည်ပ ရင်းနှှီးမြုပ်နှံမှု လုပ်ငန်းစုုစုပေါင်း ၁၂၆ ခု ခွင့်ပြုပေးခဲ့ရာမှ အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော်အထိ ရရှိထားပြီး ယခု ဘဏ္ဍာနှစ်တွင် စတင် အသက်ဝင်လာခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင် ဥပဒေသစ် ပေါ်ထွက်လာပြီး နောက်ပိုင်း အာရှ နိုင်ငံများ အပြင် အနောက်နိုင်ငံများမှ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများပါ ဝင်ရောက်လာခြင်း ဖြစ်သည်။
တရုတ်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဂျပန်၊ နယ်သာလန် နှင့် ထိုင်း အစရှိသည့် နိုင်ငံပေါင်း ၅၀ ခန့်မှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လျက်ရှိကြောင်း ကုမ္ပဏီများနှင့် ညွှန်ကြားမှုဦးစီးဌာန စာရင်းများအရသိရသည်။
Ref & Photo Credit :Burma Irrawaddy
Posted By : Ra Wai (shweproperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ