By Hsu Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 6 July 2018
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွှဲ့နှင့် အိမ်ရာစီမံကိန်းရောင်းချမှုကြီးကြပ်ရေးကော်မတီမှ ရောင်းချပေးမည့် တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်း ဝယ်ယူခွင့်ရသူများ၏ တန်းစီဇယားအား ဇူလိုင်လ(၁၀)ရက်နေ့မှ စတင်ပြီး ရန်ကုန်တိုင်းဒေသကြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများနှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှုရုံး)တွင် အသိပေးကြေညာသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွှဲ့(အိမ်ရာစီမံကိန်းရောင်းချရေးကြီးကြပ်ကော်မတီ)မှ ထုတ်ပြန်ခဲ့သည်။
တန်းစီဇယားအတိုင်း ပထမအသုတ် ဝယ်ယူခွင့်ရရှိသူများအနေနှင့် ဇူလိုင် (၁၁)ရက်နေ့မှ (၂၀)ရက်နေ့အထိ နောက်ဆုံးထား၍ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှုရုံး) ဒုတိယထပ်သို့ သွားရောက်ဆက်သွယ်ရန် အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဝယ်ယူခွင့်ရရှိသူများ တိုက်ခန်းနေရာမဲနှိုက်ခြင်းကို ဇူလိုင်(၂၅)ရက်နှင့် (၂၆)ရက်နေ့များတွင် အဆိုပါ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှုရုံး) ဒုတိယထပ်တွင် ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။
မဲနှိုက်ဝယ်ယူခွင့်ရရှိသူများအနက်မှ အချက်အလက်ပြည့်စုံပြီး စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီသူများ၊ ဘဏ်ချေးငွေနှင့် ဝယ်ယူခွင့်ရသူများအတွက် ဘဏ်စိစစ်ပြိး ပြည့်စုံသူများကိုသာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်မှ ကနောင်အိမ်ရာ၊ ယုဇနအပိုင်း(၁)၊ ယုဇနအိမ်ရာ၊ တောင်ဒဂုံမြို့နယ်မှ အင်းဝအိမ်ရာ၊ Town Center၊ လှိုင်သာယာမှ ရွှေလင်ပန်းအပိုင်း(၃)၊ ရွှေလင်ပန်း တန်ဖိုးနည်းအပိုင်း(၁)၊ ရွှေလင်ပန်းစက်မှုဇုန်၊ ထီးလှိုင်ရှင်အိမ်ရာ၊ မြောက်ဥက္ကလာမြို့နယ်မှ ရွှေပေါက်ကံ(၁၄) အိမ်ရာ၊ ရွှေပြည်သာမြို့နယ်မှ ဇွန်(၃)၊ သင်္ကန်းကျွန်းမြို့နယ်မှ ကြီးပွားရေးအိမ်ရာများမှ တိုက်ခန်းပေါင်း (၈၆၄)ခန်းကို ရောင်းချပေးမည်ဖြစ်သည်။
လျှောက်လွှာတင်ပြီး ယခုထုတ်ပြန်သော တန်းစီဇယားတွင် မပါဝင်သောသူများအနေနှင့် ထပ်မံလျှောက်ထားစရာမလိုကြောင်း၊ အိမ်ရာစီမံကိန်းရောင်းချရေးကြီးကြပ်ကော်မတီ၏မှတ်တမ်းတွင် မှတ်သားထားကြောင်း သိရသည်။
Written By : Hsu Myat May Zaw (ShweProperty.com)
Photo Credit : Globalnewlightofmyanmar
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ