By Eleven Media, Shweproperty.com
Updated at 10 January 2018
ပြည်သူများ လိုအပ်နေသည့် တန်ဖိုးနည်းအိမ်ရာများ ထပ်မံရရှိနိုင်ရေးအတွက် အစိုးရပိုင်မြေပေါ်တွင် နိုင်ငံတော် အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်းကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
“ပြည်သူတွေအတွက် လိုအပ်နေတဲ့ အိမ်ရာတွေ ပေါ်ထွက်လာဖို့အတွက် ကျွန်တော်တို့ နိုင်ငံတော် အစိုးရပိုင်းကနေမှ မြေတွေကို စီမံပေးပြီးတော့မှ ဒီနိုင်ငံတော်အစိုးရက စီမံပေးလိုက်တဲ့ မြေပေါ်မှာ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း အနေနဲ့ သူတို့ရဲ့ တက်ထားတဲ့ နည်းပညာပိုင်းတွေ အတွေ့အကြုံပိုင်းတွေနဲ့ ပြည်သူတွေ လိုအပ်နေတဲ့ အိမ်ရာတွေကို နိုင်ငံတော်အစိုးရနဲ့ လုပ်ငန်းရှင်များ အသင်းနဲ့ ပူးပေါင်းပြီးတော့မှ အိမ်ရာတွေကို တည်ဆောက်ခြင်းအားဖြင့် ပြည်သူတွေ လိုအပ်နေတဲ့ အိမ်ရာတွေ များစွာ ပေါ်ထွက်လာမယ်” ဟု မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောကြားသည်။
စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးပါက နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ နှစ်ရှည်အရစ်ကျစနစ်ဖြင့် ဝယ်ယူခွင့်ရရှိအောင် ဆောင်ရွက်ပေးမည်ဖြစ်သည်။
“ဒီထွက်ပေါ်လာတဲ့ အိမ်ရာတွေကိုလည်း ပြည်သူတွေ အိမ်ရာပိုင်ဆိုင်ခွင့် ရဖို့အတွက် အဲ့ဒါကိုလည်း ငွေကြေးပိုင်းဆိုင်ရာ အတွက်ကိုလည်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က နှစ်ရှည်အရစ်ကျစနစ် Housing Mortgage စနစ်တွေနဲ့ ဝယ်ယူခွင့်တွေ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ဦးမင်းထိန်က ပြောကြားသည်။
လက်ရှိအချိန်တွင် အစိုးရနှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းကာ ဝန်ထမ်းများအတွက် အငှားအိမ်ရာနှင့် အခြားအရောင်းအိမ်ရာများ ပါဝင်ပြီး အိမ်အခန်းပေါင်း ၇၀၀ ခန့်ရှိသည့် ကနဦး တန်ဖိုးနည်းအိမ်ရာ စီမံကိန်း (Pilot Project) ကို မြို့ကြီးသုံးခုတွင် စတင်ဆောင်ရွက်နေပြီး စီမံကိန်း လျာထားချက် ရာခိုင်နှုန်း ၅၀ သည် ၂၀၁၈ ခုနှစ်အတွင်း ပြီးစီမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
“အကြမ်းဖျင်းအားဖြင့်တော့ Pilot Project အနေနဲ့ကတော့ လောလောဆယ် ပထမအဆင့်ပေါ့။ မျှော်မှန်းထားတာကတော့ ဒီရန်ကုန်တိုင်းမှာဆိုလည်း အခန်း ၄၀၀ ဝန်းကျင်လောက်ပေါ့လေ။ အလားတူ နေပြည်တော်မှာလည်း အခန်း ၂၀၀ လောက်ပေါ့။ မန္တလေးမှာလည်း အခန်း ၁၀၀ လောက်ပေါ့။ ဒါတွေကတော့ Plan အရ ဆွဲထားတာပေါ့။ တည်ဆောက်မှု အပိုင်းကတော့ တစ်ဆင့်ပြီးတစ်ဆင့် အဆင့်လိုက် တည်ဆောက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
Ref & Photo Credit : Eleven Media
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ