By ကုမုဒြာ, Shweproperty.com
Updated at 14 May 2013
အမှန်တကယ် နေထိုင်မယ့်သူတွေအတွက် အိမ်ရာလိုအပ်ချက်ကို ဖော်ဆောင်သွားမယ့် တန်ဖိုးမျှတအိမ်ရာ စီမံကိန်းတွေ စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီလို့ သိရပါတယ်။
“တန်ဖိုးမျှတအိမ်ရာတွေ အကုန်လုံးက နှစ်နှစ်စီမံကိန်းနဲ့ ဆောက်တာ၊ မြေတန်ဖိုးမယူထားဘူး၊ ဆောက်လုပ်ပြီးတဲ့ ကုန်ကျစရိတ်တွေကို အချိုးချပြီးရောင်းမှာဖြစ်တဲ့အတွက် တိုက်ခန်းအားလုံးက အပေါ်အောက် ဈေးတူတယ်၊ ဓာတ်လှေကားပါတဲ့အတွက် အားလုံးနေလို့ကောင်းမှာပါ”လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ ဗိုလ်ဗထူးအိမ်ရာ၊ ဗိုလ်မင်းရောင်အိမ်ရာ၊ ဧရာဝဏ်အိမ်ရာနဲ့ မင်းရဲကျော်စွာအိမ်ရာတွေကို တာဝန်ယူ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဗိုလ်ဗထူးအိမ်ရာကို စတင်အကောင်အထည်ဖော်နေပြီး ကျန်အိမ်ရာတွေကိုလည်း မြေစမ်းသပ်မှုတွေ ဆက်တိုက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ဧရာဝဏ်အိမ်ရာကို ခြောက်ထပ်၊ ဓာတ်လှေကားမပါဘဲ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ဧရာဝဏ်အိမ်ရာက လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အတွက် အထပ်မြင့်မဆောက်ဘဲ ကျန်တဲ့အိမ်ရာသုံးခုကိုတော့ လမ်းပန်းဆက်သွယ်ရေးအရရော လယ်မြေဈေးနှုန်းတွေပါ မြင့်မားနေတဲ့အတွက် ဓာတ်လှေကားပါ အထပ်မြင့်အိမ်ရာတွေ ဆောက်လုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ယခုတည်ဆောက်မယ့် အိမ်ရာအားလုံးမှာ ကစားကွင်း၊ ကားပါကင်၊ ဈေး၊ ပန်းခြံတွေပါရှိမှာ ဖြစ်တဲ့အတွက် နေထိုင်မှုအဆင့်အတန်း တော်တော်လေး မြင့်လာမှာဖြစ်တယ်လို့ သိရတယ်။ ပုဂ္ဂလိက ကဆောက်လုပ်တဲ့ တိုက်ခန်းတွေလို အထပ်အနိမ့်အမြင့်ပေါ်မှုတည်ပြီး ဈေးနှုန်းကွာဟမှုမရှိဘဲ အမျိုးအစားတူ တိုက်ခန်းအားလုံး ဈေးနှုန်းတစ်မျိုးတည်း သတ်မှတ်ရောင်းချ သွားမယ်လို့သိရပါတယ်။
“ဒီလို အိမ်ရာတွေ ဆောက်တယ်ဆိုတာက လူဦးရေတိုးလာလို့ နေထိုင်မှု အခက်အခဲ ဖြေရှင်းဖို့ တည်ဆောက်တာဖြစ်တယ်၊ တကယ်နေမယ့်သူတွေကို နေဖို့နေရာရှာပေးလိုက်တာပါ”လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ယခုတည်ဆောက်နေတဲ့ အိမ်ရာတွေကို ဆောက်လုပ်ပြီးစီးတဲ့အခါမှာ တိုင်းဒေသကြီး အစိုးရက တာဝန်ယူရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရတယ်။ ဗိုလ်ဗထူးအိမ်ရာကို ဗိုလ်ဗထူးလမ်းနဲ့ ဘုရင့်နောင်လမ်းကြား၊ (၄၈) ရပ်ကွက်၊မြောက်ဒဂုံမြို့နယ်မှာ ဆောက်လုပ်သွားမှာဖြစ်ပြီး ဗိုလ်မင်းရောင်အိမ်ရာကို ဗိုလ်မင်းရောင်လမ်းနဲ့ ဦးကြူးလမ်း၊ (၄၂) ရပ်ကွက်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ မင်းရဲကျော်စွာအိမ်ရာကို မင်းရဲကျော်စွာလမ်းနဲ့ မီးရထားသံလမ်းကြား၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တွေမှာ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဧရာဝဏ်အိမ်ရာကိုလည်း ဧရာဝဏ်လမ်း၊ ရတနာလမ်းနဲ့ ကမ်းနားလမ်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်းမြို့နယ်) တို့မှာ ဆောက်လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ယခုလို အိမ်ရာတွေဆောက်လုပ်ရာမှာ အိမ်ရာနဲ့ဆက်စပ်နေတဲ့ လမ်းတွေကိုလည်း ချဲ့ပြုပြင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
တန်ဖိုးမျှတအိမ်ရာစီမံကိန်းလေးခုရဲ့ အကျယ်အဝန်းနဲ့ တိုက်အလုံးရေ
Ref : ကုမုဒြာ
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ