By News Watch, Shweproperty.com
Updated at 2 July 2019
ရန်ကုန်တိုင်းဒေသကြီး ယုဇနအပိုင်း ၁၊ ၂ တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာ အချို့တွင် မိလ္လာလျှံမှုနှင့် ရေပိုက်လိုင်းများ ပိတ်ဆို့နေသည့်ကိစ္စအား မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူပြုပြင်ပေး သွားမည်ဖြစ်ကြောင်း အဆိုပါဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မီမီတင်က News Watch သို့ ပြောကြားသည်။
''အခုလက်ရှိ အိမ်ရာနေတဲ့သူတွေက မိလ္လာတွေလျှံတယ်လို့ ပြောနေကြတာတွေရှိပါတယ်။ ဒါတွေကို ကြားသိရပါတယ်။ ဖြစ်တတ်တာက တခါတလေကျရင် မြေကြီးက စုပ်ဝင်နှုန်းနည်းတာမျိုးတွေ ရှိမယ်။ အပြင်အောက်ဆင်းတဲ့ ရေကြည်ကအောက်မြေကြီးကို စိမ့်ထွက်နှုန်းနည်းရင်လည်း အပေါ်ကို လျှံတတ်တယ်။ ဒါမျိုးလေးတွေလည်း ရှိတာပေါ့။ ယုဇနအပိုင် ၁ နဲ့ ၂ ထဲမှာ တလုံးချင်းစီ ပြန်ဖောက်ပြီးတော့ စစ်နေပါတယ်။ ဒါတွေက လုပ်ပေးရမှာ ကျွန်မတို့တာဝန်ပါ''ဟု မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မီမီတင်က ဆိုသည်။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ပထမအသုတ်၊ ဒုတိယအသုတ်အဖြင့် ရန်ကုန်တိုင်းအတွင်းရှိ တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာများကို ရောင်းချပေးခဲ့ပြီးနောက် ယုဇနအပိုင် ၁ နှင့် ၂ တွင်အခန်းအချို့တွင် မိလ္လာလျှံခြင်း၊ ရေပိုက်လိုင်းများ ကောင်းမွန်မှုမရှိခြင်းတို့ကြောင့် အခက်အခဲတွေ့ကြုံနေရကြောင်း လက်ရှိ အိမ်ရာရရှိ နေထိုင်နေသူအချို့က ပြောကြားသည်။
တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာ များကို ဆောက်လုပ်ရာတွင် တာဝန်ယူဆောက်လုပ်သည့်ကုမ္ပဏီက အိမ်ရာတွင် ချို့ယွင်းချက်ဖြစ်လာပါက စာချုပ်အရ တနှစ်အတွင်း တာဝန်ယူဖြေရှင်းရမည် ဖြစ်ပြီး တနှစ်ကျော်လွန်သွားပါက မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆက်လက် တာဝန်ယူဖြေရှင်းရမည်ဖြစ်ကြောင်း ဒေါ်မီမီတင်က ပြောသည်။
''တန်ဖိုးနည်းအိမ်ရာတွေကို လွန်ခဲ့ တဲ့ အစိုးရလက်ထက်မှာကတည်းက တည်ဆောက်ခဲ့တာပေါ့။ ၂ဝ၁၅-၂ဝ၁၆ ကတည်းက ဆောက်လုပ်ခဲ့တာဆိုတော့ ပထမဆုံးရောင်းချတဲ့ တိုက်တွေက ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာရေးနှစ်ကတည်းက ပြီးသွားတာပေါ့။ ဒါပေမဲ့ တချို့အခန်းတွေက ဒုတိယအသုတ်မှ ရောင်းရတာတွေ ရှိတယ်။ ရောင်းချပြီး ပြည်သူတွေနေထိုင်နေပြီဆိုရင် မီးကြိုးမရှိဘူး၊ ရေပိုက်ခေါင်း မရဘူး၊ မိလ္လာပြဿနာရှိနေတယ်ဆိုတာမျိုး ကျွန်မတို့ အဖြစ်မခံပါဘူး။ ဒါတွေကို ကျွန်မတို့ပြန်ပြုပြင်ရမှာပါ''ဟု ၎င်းက ပြောသည်။
ပထမအသုတ်၊ ဒုတိယအသုတ်အနေဖြင့် ရောင်းချပြီးသည့် အိမ်ရာများသည် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ယုဇနတန်ဖိုးနည်းအိမ်ရာအပိုင် (၁)၊ (၂)၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်းတန်ဖိုးနည်းအိမ်ရာ အပိုင် (၁)၊ (၂)၊ မြောက်ဥက္ကလာမြို့နယ်ရှိ ရွှေပေါက်ကံအိမ်ရာ၊ လှိုင်သာယာမြို့နယ်မှ ကျန်စစ်မင်းတန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာများ ဖြစ်သည်။
ရောင်းချပြီးဖြစ်သည့် တန်ဖိုးနည်းတိုက်ခန်းများ၏ ပျမ်းမျှတန်ဖိုးများမှာ အပေါ်ဆုံးထပ် တခန်းလျှင် ကျပ် ၉၈ သိန်း၊ အောက်ဆုံးထပ် ၁ ခန်းလျှင် ကျပ် သိန်း ၁၂ဝ နှင့် ကျပ် ၁၂၅ သိန်းအထိရှိပြီး အလယ်ထပ်များရှိ အခန်းမှာ အောက်ဆုံးထပ်အခန်းနှင့် ကျပ် ၄၊ ၅ သိန်းခန့် ကွာကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။
တိုက်ခန်းများမှာ ၆ ခန်းတွဲလေး ထပ်တိုက်ခန်းများပြီး တန်ဖိုးသင့်အိမ်ရာများမှာ အိမ်ခန်းအနည်းငယ်ပိုကျယ်မည်ဖြစ်ကာ တန်ဖိုးအားဖြင့် အောက်ဆုံးထပ် ၁ ခန်းလျှင် ကျပ်သိန်း ၂ဝဝ ကျော်မှ ကျပ် သိန်း ၄ဝဝ ကျော်အထိ ရှိသည်။
တိုက်ခန်းဝယ်ယူသည့်အခါပေးသွင်းရသည့် ကနဦး ပေးသွင်းငွေ ၃ဝ ရာခိုင်နှုန်းကို ၂ဝ ရာခိုင်နှုန်းအထိ လျှော့ချ ပေးခဲ့ပြီးပေးသွင်းသောနှစ်ကို ယခင် ၁ဝ နှစ် အရစ်ကျပေးသွင်းရာမှ ယခုအခါ နှစ်ရှည်အနေနှင့် ၁၅ နှစ်အထိ အရစ်ကျပေးသွင်းနိုင်ကြောင်း သိရသည်။
Ref & Photo Credit : News Watch
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ