By The Messenger, Shweproperty.com
Updated at 8 May 2013
တော်ဝင်ဆောက်လုပ်ရေးကုမ္ပဏီမှ တည်ဆောက်မည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်ဖြစ်ပါက အခန်းတစ်ခန်းလျှင် ငွေကျပ်သိန်းလေးဆယ်ကျော်ဖြင့်ရောင်းချနိုင်မည်ဖြစ်ကြောင်း ယင်းဆောက်လုပ်ရေးကုမ္ပဏီဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောသည်။
“မြောက်ဒဂုံမှာလုပ်မယ့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းက အခန်းပေါင်းနှစ်သောင်းရှိမယ်။ တန်ဖိုးအနေနဲ့ အစိုးရကိုတင်ပြထားတာက လေးဆယ့်လေးသိန်းနဲ့ ပရိုပိုဆယ်တင်ထားတာပါ ဒါပေမဲ့ မြေမရဘူးဖြစ်နေတယ်။ မြေကတခြားကတင်ဒါအောင်သွားတယ်။ အမှန်တကယ်လုပ်မယ်ဆိုရင် ဒီဈေးနဲ့ရောင်းနိုင်အောင် ဆောက်နိုင်ပါတယ်။ နည်းပညာလည်းရှိပြီးသားပါ”ဟု ၎င်းကပြောသည်။တော်ဝင်ဆောက်လုပ်ရေးကုမ္ပဏီသည် ၁၉၉၆ ခုနှစ်တွင် တန်ဖိုးနည်းအိမ်ရာများဖြစ်သည့် မဟာမြိုင်အိမ်ရာနှင့် တော်ဝင်အိမ်ရာတို့ကို ဆောက်လုပ်ခဲ့ဲပြီး တန်ဖိုးအားဖြင့် ၂ သိန်းမှ လေးသိန်းအကြား ဈေးနှုန်းဖြင့်ရောင်းချခဲ့ကြောင်း သိရသည်။
“တန်ဖိုးနည်းအိမ်ရာတွေနဲ့ ပတ်သက်ရင် ကျွန်တော်မှာ အတွေ့အကြုံ အများကြီးရှိတယ်။ အပြင်မှာ ပေါက်နေတဲ့ဈေးထက် လျှော့နည်းစနစ်ပိုင်းနဲ့ ပမာဏပိုင်းမှာ ကျွန်တော်က အားသာချက်ရှိလို့ပဲ။ အခုမုဒိတာအိမ်ရာမှာ အခန်းတစ်ခန်းကို သိန်း ၁၂၀ နဲ့ ရောင်းတယ်။ အပြင်ပေါက်ဈေးနဲ့ထက်ဝက်လောက်ခွာထားတာ။ ကျွန်တော်ရည်ရွယ်ချက်က တိုက်ခန်းတစ်ခန်းအပေါ် အမြတ်အများကြီး တင်တာထက်တိုက်ခန်း အများကြီးဆောက်ပြီး အမြတ်ကို လျှော့ယူလိုက်တယ်။ ဒါပေမဲ့ ကျွန်တော်ရတဲ့ ပိုက်ဆံကတော့ အတူတူပဲ”ဟု ၎င်းက တန်ဖိုးနည်းအိမ်ရာတည်ဆောက်ရခြင်းနှင့် ပတ်သက်၍ ပြောသည်။
ယခုနှစ်အတွင်းမှာပင် အစိုးရမှ စတင် အကောင်အထည် ဖော်ခဲ့သော ဧရာဝဏ်အိမ်ရာစီမံကိန်းနှင့် ရတနာအိမ်ရာစီမံကိန်းမှာ အခန်းယူနစ်ပေါင်း တစ်သောင်းကျော်ပါဝင် ပြီးအထပ် ၁၈ ထပ်ရှိသောအဆောက်အဦများဖြစ်ကြောင်းသိရသည်။
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၏ ညွှန်ကြားရေးမှုး ဦးဝင်းသော်ကအဆိုပါ တန်ဖိုးသင့်တင့်သော အိမ်ရာစီမံကိန်းနှစ်ခုလုံးကို နှစ်နှစ်နှင့် သုံးနှစ်အတွင်း အပြီးတည်ဆောက်မည်ဟုပြောကြားခဲ့သည်။
နိုင်ငံတော့်သမ္မတကလည်း ရန်ကုန်တွင်သာမက တခြားမြို့ကြီးများတွင်ပါ အစိုးရ ဦးဆောင်သော တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ အကောင်အထည်ဖော်သွားရန်ရှိကြောင်း ၎င်း၏ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ