By Democarcy Daily, Shweproperty.com
Updated at 15 January 2015
နိုင်ငံတကာခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာနေသည့် မန္တလေးမြို့အတွင်း ခွင့်ပြုချက်မရှိပဲ နေအိမ်ငှားရမ်းနေထိုင်သော နိုင်ငံခြားသားများကို စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ သိရသည်။
နိုင်ငံခြားသားတချို့မှာ အိမ်ငှားနေထိုင်ခွင့်မတင်ပဲ ငှားရမ်းနေထိုင်မှုများရှိလာသည်ကို တွေ့ရှိရသောကြောင့် စစ်ဆေးအရေးယူရန် စီစဉ်ရခြင်းဖြစ်ရာ အထောက်အထားမပြည့်စုံဘဲ နေထိုင်မှုများကို စိစစ်တွေ့ရှိရပါက လဝကဥပဒေအရ ဗီဇာစည်းကမ်းဖောက်ဖျက်မှုဖြင့် ပြည်နှင်ဒဏ်ပေးသည်အထိ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း၊ စီးပွားရေးဗီဇာဖြင့် ရောက်ရှိလာသည့် နိုင်ငံခြားသားများအနေဖြင့် အိမ်ငှားနေထိုင်ခွင့်အတွက် လိုအပ်သော စာရွက်စာတမ်းများ ပြည့်စုံမှန်ကန်ပါက နှစ်ရက်အတွင်း ခွင့်ပြုချက်ပေးကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ တိုင်းဦးစီးမှုးဦးသောင်းဇော်က ပြောပါသည်။
"မန္တလေးမြို့ဟာဆိုရင် အခုနောက်ပိုင်းမှာ စီးပွားရေးအချက်အခြာကျလာတဲ့ မြို့ဖြစ်လာတာကြောင့် အလုပ်လုပ်ရင်းနေထိုင်တဲ့ နိုင်ငံခြားသားတွေ ပိုများလာသလို တရားဝင်ခွင့်ပြုချက်မရှိပဲ အိမ်ငှားနေထိုင်တဲ့ နိုင်ငံခြားသားတွေရှိနေတယ်ဆိုတာကိုလဲ စစ်ဆေးတွေ့ရှိလာရပါတယ်။ အရေးယူတဲ့အခါမှာ လွယ်ကူထိရောက်နိုင်ဖို့အတွက် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပြီး အုပ်ချုပ်ရေးမှုးတွေအနေနဲ့ မိမိတို့ရပ်ကွက်အတွင်းမှာ နိုင်ငံခြားသားတွေ အိမ်ငှားနေထိုင်တာကို တွေ့ရှိရင် ဌာနကို ဆက်သွယ်အကြောင်းကြား ဖို့လိုပါတယ်။ စီးပွားရေး ဗီဇာနဲ့လာတဲ့ နိုင်ငံခြားသားတိုင်းဟာ ဧည့်စာရင်းတိုင်ရတာကို အိမ်တွေမှာ ငှားရမ်းနေထိုင်ခွင့်ရှိတယ်လို့ ထင်မြင်ကြတယ်။ အိမ်ငှားနေထိုင်မယ်ဆိုရင် သီးသန့်ထပ်လျှောက်ရမှာဖြစ်ပြီး ခွင့်ပြုချက်မရရင် ဟိုတယ်တွေမှာပဲ တည်းခိုနေထိုင်ခွင့်ရှိတယ်"ဟု ထပ်မံရှင်းပြပါသည်။
အိမ်ငှားရမ်းနေထိုင်လိုသော နိုင်ငံခြားသားတွေအနေဖြင့် ဗီဇာ၊ ပတ်စပို့၊ သက်တမ်းရှိကုမ္ပဏီ၊ အစိုးရဌာနခွင့်ပြုစာနှင့် အိမ်ရှင်၊ အိမ်ငှား စာချုပ်တို့နှင့်အတူ တာဝန်ခံတစ်ဦး၏ လက်မှတ်ဖြင့် ခွင့်ပြုချက်လျှောက်ထားရမှာ ဖြစ်ကြောင်း သိရပါတယ်။
"မန္တလေးမြို့မှာ လာရောက်အခြေချနေထိုင်တဲ့ နိုင်ငံခြားသားတွေထဲမှာတော့ တရုတ်လူမျိုးက အများဆုံးဖြစ်မယ်လို့ ခန့်မှန်းတယ်။ သူတို့က ကျောက်စိမ်း၊ ကျောက်မျက်လုပ်ငန်းတို့၊ သတ္ထုတူးဖော်ရေးလုပ်ငန်းတို့၊ ရွှေတွင်းတူးတဲ့လုပ်ငန်းတို့ လုပ်ကြတာများတယ်။ ဒါ့အပြင် ပုဂ္ဂလိက စာသင်ကျောင်းဖွင့်လှစ် လုပ်ကိုင်တဲ့သူတွေလဲများတယ်"ဟု တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"အခုနောက်ပိုင်းဆိုရင် နိုင်ငံခြားသားတွေ ငှားရမ်းနေထိုင်ဖို့အတွက် မန္တလေးမြို့ထဲမှာ အိမ်ရှာပေးရတာ ပိုများလာပါတယ်။ သူတို့က များသောအားဖြင့်တော့ လုံးချင်းအိမ်တွေ ငှားရမ်းကြပြီး ဆိတ်ငြိမ်တဲ့နေရာတွေ ပိုကြိုက်ပါတယ်။ ပြည်တွင်းလူတွေထက် ငှားရမ်းခကို နှစ်ဆနီးပါး ပိုပေးတတ်ကြပါတယ်"ဟု မန္တလေးမြို့ရှိ အိမ်ခြံမြေပွဲစား တစ်ဦးက ဆိုသည်။
Ref : Democracy Daily
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ