By ပြည်မြန်မာ, Shweproperty.com
Updated at 13 September 2012
၂၀၁၃ ဆီးဂိမ်းအတွက် အထောက်အပံ့ ပေးရန်နှင့် ဒေသတွင်းစီးပွားရေး လုပ်ကိုင်မှု အခွင့်အလမ်းများ တိုးတက်မှု ရှိစေရန် ရည်ရွယ်၍ မန္တလေးမြို့၌ နိုင်ငံတကာအဆင့်မီ မင်္ဂလာမန္တလေးစီမံကိန်းကို စတင်အကောင်အထည် ဖော်နေပြီဖြစ်ပြီး ၎င်းစီမံကိန်းအတွက် ငွေကျပ် ၉၁ ဘီလျံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း CAD ဆောက်လုပ်ရေးမှ မန်နေဂျင်းဒါရိုက်တာ ကိုဇင်မင်းဆွေက ၆-၉-၂၀၁၂ ရက်က ပြည်မြန်မာဂျာနယ်သို့ ပြောကြားသည်။
“ဒီစီမံကိန်းက ဆီးဂိမ်းအတွက် ဖွင့်လှစ်မယ့် နိုင်ငံတကာ အားကစားကွင်းသစ်ကြီးကို ထောက်ပံ့ဖို့အတွက် ဖြစ်သလို မန္တလေးဒေသရဲ့ စီးပွားရေး အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးတက်စေဖို့၊ ဆင်းရဲမှု လျှော့ချဖို့အတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုစေဖို့ ရည်ရွယ်ပြီးတော့ အနာဂတ်မန္တလေးရဲ့ ရှေ့ပြေးမြို့ပြ စီမံကိန်းအဖြစ်နဲ့ တည်ဆောက်တာပါ။ ဒီစီမံကိန်းမှာ ထူးခြားချက် အနေနဲ့က မြန်မာနိုင်ငံမှာ မရှိသေးတဲ့ လမ်းလျှောက်ဈေးကို ထည့်သွင်း တည်ဆောက်သွားမှာ ဖြစ်သလို စိမ်းလန်းစိုပြည်မှု မြေယာရှုခင်းကို အဓိကထားတာရယ်၊ နောက်မန္တလေးရဲ့ ပြယုဂ်ကို ပေါ်လွင်အောင် ပုံစံထုတ်ထားတာပါတယ်။ စီမံကိန်းရဲ့ အဆောက်အအုံ၊ လမ်းအားလုံးကို နိုင်ငံတကာအဆင့်မီ စနစ်တွေနဲ့ တည်ဆောက်သွားမှာပါ” ဟု ယင်းက ပြောကြားသည်။ ထိုမင်္ဂလာမန္တလေး စီမံကိန်းကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနှင့် New Star Light ဆောက်လုပ်ရေး၊ CAD ဆောက်လုပ်ရေးတို့က အကျိုးတူပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး စတင် အကောင်အထည် ဖော်နေပြီ ဖြစ်ကြောင်း၊ စီမံကိန်းပုံစံကို နိုင်ငံတကာ ဗိသုကာပညာရှင်များ ပါဝင်ပြီး SCP အဖွဲ့မှ ဦးဆောင်ပြီး မြန်မာဗိသုကာပညာရှင်များ ပါဝင်သည့် CAD အဖွဲ့တို့ ပူးပေါင်းကာ ရေးဆွဲထားခြင်းဖြစ်ကြောင်း သိရသည်။ စီမံကိန်းစတင်မည့် နေရာမှာ မန္တလေးချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၁ ရပ်ကွက်၊ ၇၃ လမ်း၊ သဇင်လမ်းနှင့် ငုရွှေဝါလမ်းကြားရှိ ၄၇ ဧက အကျယ်အဝန်း မြေပေါ်တွင် ဖြစ်ကြောင်း ကားပါကင် ငါးထပ်အဆောက်အအုံ မြေညီထပ်တွင် Food Plaza ပါဝင်ပြီး Shopping Mall ပါဝင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ကွန်ဒို အဆောက်အအုံများ၊ အိမ်ရာများ လူနေတိုက်ခန်းများ၊ လျှပ်စစ်ခွဲရုံ၊ မီးသတ်၊ ရဲကင်း ဆက်သွယ်ရေး စခန်းများလည်း ပါဝင်မည်ဖြစ်ပြီး 4 Stars၊ 3 Stars ဟိုတယ်များလည်း ပါဝင်မည်ဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်း ကားပါကင် 3 Star Hotel Shopping Mall, Shopping House များကို အပြီးသတ် တည်ဆောက်သွားမည်ဖြစ်ကြောင်း ထိုစီမံကိန်းရှိ အိမ်ရာများကို ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
Source : Pyi Myanmar
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ