By kumudra, Shweproperty.com
Updated at 23 July 2014
မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်ဟာ ပဋိပက္ခဖြစ်ပွားတဲ့ ကာလအတွင်းမှာ အရောင်းအဝယ် လုံးဝရပ်ဆိုင်းသွားခဲ့ပြီး ယခုအချိန်မှာ အရောင်းအဝယ် ၅၀ ရာခိုင်နှုန်းခန့် ပြန်တက်လာတယ်လို့ အိမ်ခြံမြေ အကျိုးဆောင် အချို့ထံက သိရပါတယ်။
မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်ဟာ ဧပြီလကစပြီး အရောင်းအဝယ်ကောင်းလာခဲ့ရာ ဇွန်လကုန်အထိ အိမ်ခြံမြေ အရောင်းအဝယ် ဆက်တိုက်ကောင်းလာခဲ့တယ်။ ဇူလိုင်လအစပိုင်းမှာ ပဋိပက္ခဖြစ်ပွားခဲ့တဲ့အတွက် အိမ်ခြံမြေအရောင်းအဝယ် လုံးဝရပ်ဆိုင်းသွားပြီး ယခုအချိန်မှာ အရောင်းအဝယ် ပြန်ဖြစ်လာပေမယ့် ပုံမှန် အနေအထားကို မရောက်သေးဘူးလို့ ဆိုပါတယ်။
'တစ်ချက်ကတော ပဋိပက္ခ္ခဖြစ်တဲ့အတွက် စီးပွားရေးသမား တော်တော်များများက ဘာ့ဖြစ်လာမှန်းမသိတဲ့အပေါ်မှာ စောင့်ကြည့်နေတာလည်း ပါတယ်၊ နောက်တစ်ချက်က ၅ လပိုင်းနဲ့ ၆ လပိုင်းတုန်းက အရောင်းအဝယ် အကောင်းဆုံး ဖြစ်ခဲ့တယ်၊ ဈေးကလည်း ကြိုတက်သလို ဖြစ်သွားတယ်၊ တစ်ချို့နေရာတွေမှာ တစ်နှစ်အတွင်းမှာ တက်ရမယ့်နှုန်းကို တက်သွားတာ၊ ရောက်သင့်တဲ့ ဈေးနှုန်းက နောက်သုံးလနေမှ ရောက်ရမယ့်ဈေးနှုန်း ချက်ချင်းရောက်သွားတာ၊ ကာလိုတိုတစ်ခုအတွင်းမှာ ဈေးနှုန်း အတက်မြန်သွားလို့ရှိရင် ဈေးကွက်တစ်ခုက ရပ်သွားတာ ထုံးစံပဲ' လို့ ရွိုင်ရယ်ထွန်းသစ္စာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးတင်မောင်က ပြောပါတယ်။
လက်ရှိအချိန်မှာ မြို့တွင်း အိမ်ခြံမြေအရောင်းအဝယ်တွေ နှေးကွေးနေသေးပေမယ့် မြို့သစ် အိမ်ခြံမြေကတော့ အရောင်းအဝယ် စကောင်းနေပြီ ဖြစ်တယ်။
'အရောင်းအဝယ် သဘောအရ နှစ်စဉ် အရောင်းအဝယ်ကောင်းတဲ့ ကာလဖြစ်နေတော့ လက်ရှိအချိန်မှာလည်း လုံးဝကြီးတော့ ရပ်မသွားပါဘူး၊ ပဠိပက္ခဖြစ်တဲ့ အချိန်အတွင်းလေးပဲ ရပ်သွားတာပါ၊ အခုက အရင်လို အုတ်အော်သောင်းတင်း မဖြစ်တာ တစ်ခုပဲ၊ သိပ်မကြာခင်မှာပဲ အရောင်းအဝယ် ပုံမှန်ပြန်ဖြစ်နိုင်ပါတယ်၊ ဈေးကတော့ မကျနိုင်သလို တက်ရင်လည်း တဖြည်းဖြည်းချင်းပဲ တက်တော့မှာ၊ နဂို အရောင်းအဝယ် ကောင်းနေသလို ခုန်ပြီးတက်စရာ အကြောင်းမရှိတော့ဘူး' ဟု ဦးတင်မောင်က ဆိုပါတယ်။
ဈေးမြင့်တဲ့ အိမ်ခြံမြေ အရောင်းအဝယ်တွေဟာ အိမ်ခြံမြေစံနှုန်း သတ်မှတ်ချက် မြင့်တဲ့အတွက် အခွန်ပိုဆောင်ရမှာ ဖြစ်တာကြောင့် အရောင်းအဝယ်အေးတယ်။ လက်ရှိအချိန်မှာ မြို့သစ်ဘက်က ကျပ်သိန်း ၁၀၀၀ ဝန်းကျင် မြေကွက်တွေသာ အရောင်းအဝယ် အဖြစ်များတယ်။
မြို့သစ်ရှိ ထွန်းတုံးရပ်ကွက်၊ မြရည်နန္ဒာရပ်ကွက်၊ မကြာခင်ကမှ ကွန်ကရစ်လမ်းခင်းလိုက်တဲ့ ၄၉ လမ်း လမ်းဘေးဝဲယာ၊ အောင်သာယာရပ်ကွက်တွေမှာ အရောင်းအဝယ် အဖြစ်များတယ်လို့ အိမ်ခြံမြေ ဈေးကွက်အတွင်းက စုံစမ်းသိရပါတယ်။
'လက်ရှိအချိန် ဈေးကွက်ထဲမှာက ဝယ်လက်အကြီးတွေ မဆင်းဘူး၊ ကျပ်သိန်း ၁၀၀၀ ပတ်ချာလည်သုံးတဲ့ အလယ်အလတ်တန်းစား ဝယ်လက် ဆင်းတာများတယ်၊ ကျပ်သိန်း ၁၀၀၀ အောက်တွေ အရောင်းအဝယ် အဖြစ်များတယ်၊ မြို့သစ်မှာ တချို့နေရာတွေက ဈေးတန်းအရ ကုန်သွားတဲ့နေရာတွေ ရှိတယ်၊ ဝယ်လက်တွေအနေနဲ့က ဈေးတန်းကုန်သွားတဲ့နေရာတွေကို ရပ်ပြီး ဈေးကွက်ကျန်နေသေးတဲ့၊ ဈေးတက်ဖို့ အလားအလာရှိတဲ့ နေရာတွေကို ပြောင်းပြီး အရောင်းအဝယ်လုပ်လာကြတယ်' လို့ ဖိုးလမင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ကိုဝဏ္ဏစိုးက ပြောပါတယ်။
အမြင့်ဆုံးနဲ့ အမြန်ဆုံး တက်ခဲ့တဲ့ စံချိန်နှစ် တစ်နှစ်ဖြစ်တဲ့ ၂၀၁၁ ခုနှစ်က ဈေးနှုန်းကို မီလာတဲ့နေရာ ရှိသလို မမီသေးတဲ့ နေရာတွေလည်း ရှိတယ်။ ၂၀၁၁ ခုနှစ်အတွင်းမှာ အိမ်ခြံမြေဈေးနှုန်းတွေ စံချိန်တင်အောင် မြင့်တက်ခဲ့ပေမယ့် အစိုးရရဲ့ မြေအပေါ်ထားတဲ့ မူဝါဒအပြောင်းအလဲကြောင့် မြေဈေးနှုန်းတွေ တဖြည်းဖြည်းကျဆင်းလာတာတွေ ရှိခဲ့တယ်လို့ မြေအကျိုးဆောင် အချို့က သုံးသပ်ပါတယ်။
'တချို့နေရာတွေမှာ ၂၀၁၁ ဈေးကို မမီသေးဘူး၊ ဥပမာ ရဲမွန်တောင်၊ မဟာမြိုင် တို့ဆိုရင် ၂၀၁၁ ဈေးထက် ပိုမြင့်သွားပြီ၊ လလ၊ ၀၀၊ စစ၊ တတ၊ ညည ဆိုရင် ၂၀၁၁ ဈေးထက် နိမ့်သေးတယ်၊ ဝယ်ပျော်သေးတယ်၊ အဲဒါကြောင့် ဈေးကွက် ကျန်နေသေးတဲ့ အတွက် အခြေအနေ ငြိမ်သက်သွားရင် အရောင်းအဝယ် ပြန်ဖြစ်လာမှာပါ' လို့ ရွိုင်ရယ်ထွန်း သစ္စာ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးတင်မောင်က ပြောပါတယ်။
'မန္တလေးမြို့ဟာ တရုတ်နိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်တွေ၊ ကျောက်စိမ်းလုပ်ငန်းရှင်တွေ လာရောက်ပြီး စီးပွားရေး လုပ်ကိုင်ကြတယ်။ လက်ရှိအချိန်မှာ အစိုးရပိုင်းက နိုင်ငံခြားသားတွေကို မြန်မာနိုင်ငံမှာ ငါးနှစ်အထိ နေထိုင်ခွင့်ပေးတော့မယ့် မူဝါဒအပြောင်းအလဲက အိမ်ခြံမြေဈေးကွက်ကို အကျိုးရှိလာနိုင်တယ်' လို့ အိမ်ခြံမြေ အကျိုးဆောင်အချို့က သုံးသပ်ပါတယ်။
'နိုင်ငံခြားသားတွေကို နှစ်ရှည်နေထိုင်ခွင့် ပေးမယ်ဆိုရင်တော့ တရုတ်လုပ်ငန်းတွေ ဒီမှာ အိမ်ငှားတဲ့သူ များလာမယ်၊ ဝယ်တာမျိုးကတော့ နိုင်ငံခြားသားကို မြေယာပိုင်ဆိုင်ခွင့် ပေးမထားတဲ့အတွက် သူနွယ်ရာနွယ်ကြောင်း အမျိုးတွေ ရှိရင်တော့ ဝယ်မှာပေါ့၊ ဒါပေမယ့် ဖြစ်နိုင်ခြေကတော့ အငှားပဲ ပိုဖြစ်နိုင်တယ်' လို့ ဦးတင်မောင်က သုံးသပ်ပါတယ်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ