By The Voice Weekly, Shweproperty.com
Updated at 24 March 2013
မန္တလေးမြို့တော် မြို့ပြင်ဧရိယာရှိ လယ်ယာမြေများ ယခုမတ်လမှစတင်၍ ပြန်လည်အရောင်းအဝယ်ဖြစ်ကာ သုံးလ အတွင်း ပေါက်ဈေးထက်နှစ်ဆခန့်မြင့် တက်သွားကြောင်း မန္တလေးမြို့တော် အခြေစိုက် အိမ်၊ ခြံ၊ မြေအကျိုးဆောင် လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။
ယင်းကဲ့သို့ ဈေးမြင့်တက်လာခြင်း မှာ အမရပူရမြို့နယ် စွယ်တော်ဘုရား အနီးတွင် ကုန်တင်ကားကြီးဝင်းအသစ်ဖွင့်လှစ်ခြင်းနှင့် တံတားဦးစီမံကိန်းစတင် နေခြင်းတို့ကြောင့်ဖြစ်ကြောင်း စိမ်းနု အိမ်၊ ခြံ၊ မြေအကျိုးဆောင်လုပ်ငန်းရှင် ဒေါ်ချိုကဆိုသည်။
မန္တလေးမြို့ပြင် အမရပူရမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းအနီး ဆောက်တောဝကျေးရွာ၊ နွားခြံကုန်း ကျေးရွာ၊ ဒေါင်းရိုးရွာ၊ ထုံးဖိုကျေးရွာ၊ နယ်နိမိတ်အတွင်းရှိ လယ်ယာမြေများ ယခုလတွင် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း မန္တလေးမြို့ခံ လုပ်သက်ရင့် အိမ်၊ ခြံ၊ မြေအကျိုးဆောင်ဒေါ်ဥမ္မာက ပြောကြားသည်။
အဆိုပါကျေးရွာ နယ်နိမိတ်အတွင်း ရှိ လယ်ယာမြေများမှာ ၂ဝ၁၂ ခုနှစ် မေလက တစ်ဧကလျှင် ကျပ်သိန်း ၂ဝဝ ခန့်အထိ၊ ၂ဝ၁၂ ခုနှစ် နှစ်ကုန်ခန့်က တစ်ဧကလျှင် သိန်းကျပ် ၃ဝဝ ခန့်အထိ ပေါက်ဈေးရှိခဲ့ပြီး ယခုနှစ်မတ်လတွင် အဆိုပါလယ်ယာမြေများမှာ တစ်ဧက လျှင် ကျပ်သိန်း ၆ဝဝ ခန့်အထိဈေးမြင့် လျက်ရှိကြောင်း ဒေါ်ဥမ္မာက ထပ်လောင်း ပြောကြားသည်။
''လယ်ယာမြေတွေကို အရောင်း အဝယ်လုပ်တဲ့အခါ လယ်ယာမြေပိုင်ဆိုင်မှု စာအုပ်နဲ့ စာချုပ်ချုပ်ဆို အရောင်းအဝယ် လုပ်ကြတယ်။ နိုင်ငံတော်က လယ်ယာ မြေတွေကို ဆက်လက်လုပ်ကိုင်ရမယ် လို့ပြောထားတယ်။ ဝယ်တဲ့သူတွေလည်း ဆက်လုပ်ကိုင်ရမှာပေါ့။ သီးစားခတော့ မပေးရတော့ဘူးလို့ ကြားတယ်'' ဟု ဒေါ်ချိုကဆိုသည်။
''ခုရက်ပိုင်း မန္တလေးမြို့တွင်းမှာ လည်း အရောင်းအဝယ်ဖြစ်နေပါတယ်'' ဟု မန္တလေးမြို့ မန်းမြေရာဇာ အိမ်၊ ခြံ၊ မြေအကျိုးဆောင်လုပ်ငန်းရှင်ဦးကျော်ဝင်း ကဆိုသည်။
မန္တလေးခရိုင် အမရပူရမြို့နယ်ရှိ ပြည်ကြီးမန္တလာကုန်တင်ကားကြီးဝင်းကို ဖေဖော်ဝါရီလဒုတိယပတ်တွင် ဖွင့်လှစ် ပေးခဲ့ကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီထံမှသိရှိရသည်။
Ref : The Voice Weekly
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ