By The Kumudra, Shweproperty.com
Updated at 1 July 2015
ကျေးရွာမြေတွေကို မြေဂရန်ထုတ်ပေးမယ်ဆိုတဲ့ သတင်းတွေကြောင့် မန္တလေးမြို့ပတ်ဝန်းကျင်ကျေးရွာတွေက မြေဈေးတွေ ရက်ပိုင်းအတွင်းမြင့်တက်လာပြီး အရောင်းအဝယ်လည်းကောင်းနေတယ်လို့ နယ်ခံအကျိုးဆောင်တချို့က ပြောပါတယ်။
မန္တလေးအိမ်ခြံမြေဈေးကွက် အရောင်းအဝယ်အေးစက် ကျဆင်းနေတဲ့အချိန်မှာ မန္တလေးမြို့နဲ့ အနီးပတ်ဝန်းကျင်ရှိ ဒေသတွေက ရွာမြေတွေ အရောင်းအဝယ်ကောင်းမွန်ပြီး ဈေးတက်လာတာဖြစ်ပါတယ်။
အထူးသဖြင့် မြို့နဲ့ မနီးမဝေးမှာရှိတဲ့ ပုသိမ်ကြီးမြို့နယ်အတွင်းက မဲခင်းကုန်း၊ ကျွဲကုန်း၊ နွယ်နီ၊ ဆင်ရွာကြီး၊ သမ္မတော၊ သဇင်ကုန်း၊ ဘိုတက်ကုန်း၊ တံတိုင်းရှည် ကျေးရွာဘက်တွေမှာ ရွာမြေတွေ ဈေးကောင်းရနေတယ်။
ဒါ့အပြင် မတ္တရာ၊ ကျောက်ဆည်၊ ပုလိပ်၊ စဉ့်ကိုင်၊ တံတားဦး၊ အမရပူရ၊ စစ်ကိုင်းစတဲ့ဒေသတွေက မျက်နှာစာတစ်ပေကို အရင်က ကျပ် (၁၀၀,၀၀၀)ခန့်ကနေ ကျပ် (၅၀၀,၀၀၀) ခန့်ပေါက်ဈေးရှိတဲ့ နေရာတွေလည်း အခု ကျပ် (၂၀၀,၀၀၀) ခန့်ကနေ ကျပ် (၁၅) သိန်းခန့်အထိ ဈေးခေါ်ရောင်းနေကြတယ်လို့ နယ်မြေခံအကျိုးဆောင်အချို့က ပြောပါတယ်။
"ဒီသတင်း ထွက်နေတာတော့ ကြာပြီ၊ ခုရက်ပိုင်း ပြန်လှုလာခါမှ အရောင်းအဝယ်သွက်နေတယ်၊ ဒီရက်ပိုင်း အမြဲတမ်း အရောင်းအဝယ်ရှိတယ်၊ မန္တလေးကလူတွေလာတာ"လို့ သမ္မတတောရွာခံနာမည်ကြီး မြေပွဲစားက ပြောပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်က ကျပ်သိန်း (၆၀၀) ခန့်ပေါက်ဈေးရှိခဲ့တဲ့၊ သမ္မတတောကျေးရွာ လမ်းမဘေးက ပေ (၁၂၀×၆၀) မြေတစ်ကွက် အခုရက်ပိုင်းအတွင်းမှာတင် ကျပ်သိန်း (၈၀၀) ခန့်နဲ့ အရောင်းအဝယ် တည့်သွားတယ်လို့ ဆိုပါတယ်။
အမျိုးသားမြေအသုံးချမှု မူဝါဒရေးဆွဲ ပြဠာန်းပြီးလျှင် မြို့တွင်းမြေဈေးနှုန်းတွေ ကျဆင်းလာနိုင်ပြီး မြို့ပတ်ဝန်းကျင်က မြေယာတွေ တန်ဖိုးတက်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေနဲ့ မန္တလေးအနီး ပတ်ဝန်းကျင်ရှိ ရွာတွေက မြေယာတွေကို အခုနှစ်ဆန်းပိုင်းကတည်းက တရုတ်တွေ စုပြုံဝယ်ထားကြတယ်။ ဒါကြောင့် ရွာမြေတွေ ဂရန်ချပေးမယ်ဆိုတဲ့ သတင်းထွက်ထွက်လာတာဟာ မြေတွေ စုပြုံဝယ်ယူထားသူတွေက ဈေးခေါ်ရောင်းကြလို့ ဖြစ်နိုင်တယ်လို့ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်တချို့က ခန့်မှန်းကြပါတယ်။
Ref : The Kumudra
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ