By The Voice Weekly, Shweproperty.com
Updated at 30 June 2015
မန္တလေးမြို့တော်တွင် လက်ရှိ ဘဏ္ဍာနှစ်အတွင်း ကောက်ခံမည့် အိမ်၊ ခြံ၊ မြေ စံနှုန်းကို ဇွန်လ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့ရာ ဈေးကွက်ပေါက်ဈေးထက် မြင့်မားနေသဖြင့် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် အခွန်ဆောင်မည့်သူများ အတွက်အခက်တွေ့စေနိုင်ကြောင်း မန္တလေးမြို့တော်ရှိ ဝါရင့် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ပြောကြားသည်။
လက်ရှိ မန္တလေးမြို့တော် အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ အေးစက်နေသဖြင့် အချို့နေရာများတွင် ကျဈေးဖြင့် အရောင်းအဝယ် ဖြစ်နေရာ စံနှုန်းသတ်မှတ်မှုမှာ ယမန်နှစ်ကထက် တိုးမြှင့်သတ်မှတ်ခြင်းမှာ ဝယ်ယူသူများ အခွန်ဆောင်ရန် အခက်အခဲရှိကြောင်း အဆိုပါ လုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။ ဝယ်ယူထားသည့် ဈေးနှုန်းထက် အခွန်စံနှုန်း သတ်မှတ်မှု မြင့်မားနေသဖြင့် အခွန်မဆောင်သေးဘဲ ယခုနှစ်စံနှုန်းကို စောင့်ကြည့်နေကြရာ စံနှုန်းသတ်မှတ်မှု ဈေးနှုန်းလျော့ကျခြင်း မရှိသည့်အပြင် နှစ်ဆမြင့်တက်သည့် နေရာများလည်း ရှိနေကြောင်း မန္တလေးမြို့တော် အခြေစိုက် ဝါရင့်အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တစ်ဦးက ပြောကြားသည်။ “အခွန်ဆောင်မယ် ဆိုရင်လည်း သိန်းလေးငါးရာတန်လောက်ပဲ အခွန်ဆောင်ဖို့ စိတ်ဝင်စားကြမယ်” ဟု ၎င်းကဆိုသည်။ အိမ်၊ ခြံ၊ မြေ စံနှုန်းကြောင့် အခွန်ဆောင်မည့်သူများ စောင့်ကြည့်နေကြသဖြင့် လတ်တလောတွင် အခွန်ဆောင်လိုသူများ မရှိသလောက်နည်းကြောင်း ရွှေမန္တလေး အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းရှင် ဦးနေလင်းအောင်က ပြောကြားသည်။
“အိမ်၊ ခြံ၊ မြေ စံနှုန်းတွေ မြင့်တယ်လို့တော့ ကြားတယ်။ အိမ်၊ ခြံ၊ မြေဈေး ကျစေချင်လို့ သတ်မှတ်နှုန်းကို မြင့်တယ်လို့ထင်တယ်။အိမ်၊ ခြံ၊ မြေ ဝယ်တယ်ဆိုရင် လက်ရှိသတ်မှတ်ဈေးနဲ့ ဖြတ်တာဆိုတော့ ဝယ်ရင် တစ်ခါတည်း အခွန်ဆောင်တာ အကောင်းဆုံးပဲ။စံနှုန်းက တဖြည်းဖြည်း မြင့်နေတာ” ဟု ၎င်းကဆိုသည်။ လက်ရှိ ၂၀၁၅-၂၀၁၆ အတွက် မန္တလေး အိမ်၊ ခြံ၊ မြေ အခွန်စံနှုန်း သတ်မှတ်ရာတွင်၈၄ လမ်း၊ လမ်း ၃၀ မှ ၃၅ လမ်းကြားကို တစ်ဧကလျှင် ကျပ်သိန်းပေါင်း သုံးသိန်းတစ်သောင်းထိ စံနှုန်းသတ်မှတ်ထားရာ ပေ ၄၀ x ပေ ၆၀ တစ်ကွက်လျှင် ကျပ်သိန်းပေါင်း ၁၇,၀၀၀ ဝန်းကျင်ခန့် ပေါက်ဈေးရှိပြီး စံနှုန်းသတ်မှတ်ချက်မှာ ဧကကွက်ဖြစ်ပြီး ဈေးကွက်အတွင်းမှာမူ မျက်နှာပွင့်ပေဖြင့် ဈေးဖြတ်ကာ ကျောကပ်နေရာအတွက် ဈေးကျသဖြင့် တစ်ဧကကွက်လိုက် သတ်မှတ်ခြင်းသည် ဈေးကွက်ပေါက်ဈေးဖြင့်နှိုင်းယှဉ်ပါက ဈေးကွာဟနေခြင်း ဖြစ်ကြောင်း မန္တလေးမြို့ပေါ်ရှိ ဝါရင့် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက သုံးသပ်ပြောကြားသည်။
လက်ရှိ အိမ်၊ ခြံ၊ မြေ ပေါက်ဈေးနှင့် စံနှုန်းသတ်မှတ်မှု ကွာနေမှုကြောင့် အခွန်ရှောင်မှုများ မဖြစ်စေရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် မန္တလေးမြို့ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များဆိုင်ရာ အသင်းနှစ်သင်းတို့ မျက်နှာချင်းဆိုင် ဆွေးနွေးကာ အပြီးသတ် ဈေးနှုန်းသတ်မှတ်သင့်ပြီး အိမ်၊ ခြံ၊ မြေ စံနှုန်းကို တစ်နှစ်တစ်ကြိမ် မသတ်မှတ်ဘဲ လေးလတစ်ကြိမ် သတ်မှတ်ထုတ်ပြန်သင့်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက သုံးသပ်ပြောကြားသည်။
“မန္တလေးမြို့မှာ တစ်ဧက ကျပ်သိန်းပေါင်း သုံးသိန်းကျော်တဲ့ နေရာဘယ်နေရာမှာမှ မရှိသေးဘူး” ဟု ဝါရင့် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တစ်ဦးက ဆိုသည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ကောက်ယူမည့် အခွန်စံနှုန်းများမှာ မနော်ဟရီ၊၆၅ လမ်းနှင့် ၆၆ လမ်းကြားတွင် တစ်ဧကလျှင် ယမန်နှစ်က ကျပ်သိန်းပေါင်းတစ်သိန်း သတ်မှတ်ထားရာမှ လက်ရှိနှစ်တွင် ကျပ်သိန်းပေါင်းတစ်သိန်း လေးသောင်းဝန်းကျင် ရှိပြီး ၆၂ လမ်း၊ ၃၅ လမ်းမှ သိပ္ပံလမ်းကြားတွင် တစ်ဧကလျှင် ယမန်နှစ်က ကျပ်သိန်းပေါင်း ရှစ်သောင်းထိ သတ်မှတ်ထားရာမှ ယခုနှစ်တွင် ကျပ်သိန်းပေါင်း တစ်သိန်းခွဲထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ၎င်းက ရှင်းပြသည်။ အချို့နေရာများတွင် ယမန်နှစ်ထက် ဈေးနှုန်းသတ်မှတ်မှု လျော့နည်းမှု ရှိသော်လည်း အနည်းငယ်သာ ရှိပြီး ဈေးကွက်အေးနေချိန်တွင် စံနှုန်းတိုးမြှင့်နေသည်မှာ လက်ရှိဈေးကွက်နှင့် ကွာဟနေကြောင်း မန္တလေးမြို့ပေါ်ရှိ ဝါရင့် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တစ်ဦးက ပြောကြားသည်။
အိမ်၊ ခြံ၊ မြေ အခွန်စံနှုန်းများ သတ်မှတ်မှု မြင့်မားနေသဖြင့် အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် တင်ပြနိုင်ပြီး ယင်းသို့တင်ပြမှုကြောင့် ယမန်နှစ်အခွန် စံနှုန်းအချို့ နေရာများတွင် ဈေးနှုန်းပြောင်းလဲ သတ်မှတ်ပေးမှုများ ရှိကြောင်းမန္တလေးတိုင်းဒေသကြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာမြင့်ကြူက ပြောကြားထားသည်။မန္တလေးတိုင်းဒေသကြီးအတွင်း အခွန်ကောက်ခံရရှိမှုမှာ လျာထားချက်ထက် နှစ်စဉ်တိုးတက်လျက် ရှိရာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း အခွန်ကောက်ခံ ရရှိမှုမှာ သတ်မှတ်လျာထားချက်ထက် ရာခိုင်နှုန်း ၁၅၀ ကျော် ကောက်ခံရရှိပြီး ကျပ်သန်းပေါင်း ရှစ်သောင်းကျော် ကောက်ခံရရှိခဲ့ကြောင်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် အခွန်ကောက်ခံရန် လျာထားချက်မှာ ကျပ်သန်းပေါင်း တစ်သိန်းခန့်ရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။
Ref : The Voice Weekly
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ