By Messenger, Shweproperty.com
Updated at 16 September 2015
မန္တလေးမြို့တွင် အိမ်ခြံမြေ ရောင်းဝယ်မှု ပြုလုပ်ရာတွင် အခွန်ဆောင်ရန် အတွက် သတ်မှတ် ပေးထားသည့် အိမ်ခြံမြေစံနှုန်း သတ်မှတ်ချက်များနှင့် ပတ်သက်၍ အကျိုးတော်ဆောင်များဖြင့် စက်တင်ဘာလ တတိယပတ်အတွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရသည်။
အိမ်ခြံမြေစံနှုန်း သတ်မှတ်ချက်များကို ဇူလိုင်လထဲက ပြန်လည် စိစစ်ခြင်းများ ပြုလုပ်ခဲ့ပြီး၊ ယင်းသို့ စိစစ်ရခြင်းသည် အပြင်ပေါက်ဈေးထက် စံနှုန်း သတ်မှတ်ထားသည့် ပေါက်ဈေးက ပိုများနေကြောင်း အကျိုးတော်ဆောင်များ၏ တင်ပြထားခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
''အစက စက်တင်ဘာ ပထမပတ်ထဲမှာ ဆွေးနွေးဖို့ရာ လုပ်ထားတာ။ တိုင်းဦးစီးမူးက နေပြည်တော်မှာ နော်ဝေနိုင်ငံက အဖွဲ့နဲ့ တွေ့ဆုံပွဲ သွားတာဆိုတော့ ရက်ရွှေ့လိုက်တယ်။ သူ့ကို အိမ်ခြံမြေစံနှုန်းနဲ့ ပတ်သက်လို့ အိမ်ခြံမြေ လုပ်ငန်းရှင်တွေနဲ့ အမြန်ဆုံး ဆွေးနွေးဖို့ ပြောထားတယ်။
သူဒီသီတင်းပတ်ထဲမှာ ပြန်ရောက်မှာ ဆိုတော့ နောက်သီတင်းပတ်လောက်မှာ စတင်ဆွေးနွေးနိုင်မယ်'' ဟု မန္တလေးတိုင်း ဒေသကြီး ဘဏ္ဌာရေးနှင့် အခွန်ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမြင့်ကြူက ပြောသည်။
ယင်းသို့ အိမ်ခြံမြေ သတ်မှတ်စံနှုန်းများ ပေါက်ဈေးထက် များပြားနေသောကြောင့် အခွန်ရှောင်မှုများ ဖြစ်ပေါ်နိုင်ပြီး အိမ်ခြံမြေ ဈေးကွက်အားလည်း ထိခိုက်နိုင်ကြောင်း မန္တလေးမြို့ရှိ အိမ်ခြံမြေ ပွဲစားများထံမှ သိရသည်။
''အခွန်ကို လျော့ပေးတယ် လို့သာပြောတာ စံနှုန်း သတ်သက် မှတ်ချက်ကို ရောင်းသူ ဝယ်သူတွေ မခံစားရဘူး။ မန္တလေးက ရန်ကုန်ထက် သတ်မှတ်ချက်တွေ မြင့်နေတဲ့အတွက် မြေဈေးကြီးတယ်ဆိုပြီး ဖြစ်နေတယ်။ တကယ်ဆိုရင် သတ်မှတ်ချက်တွေကို လျော့ပေးရမယ်။ အဲဒီလို လျော့ရင် အရောင်းအဝယ်တွေလည်း လိုက်လာနိုင်တယ်။
နိုင်ငံတစ်နိုင်ငံမှာ အိမ်ခြံမြေ ဈေးအပေါ် မူတည်ပြီး စီးပွားရေးက ပြောင်းလဲတယ် ဆိုတာကို သိသင့်တယ်'' ဟု ရိုင်ရယ်ထွန်း သစ္စာအိမ်ခြံမြေ အကျိုးတော်ဆောင် လုပ်ငန်းမှ ဦးတင်မောင်က ပြောသည်။ ထို့အပြင် ယခုလက်ရှိ မန္တလေးမြို့၏ အိမ်ခြံမြေ ဈေးကွက်မှာ အရောင်းအဝယ် အေးနေသော်လည်း ဈေးလျော့ ရောင်းချသူ မရှိသေးကြောင်း အိမ်ခြံမြေ အကျိုးတော်ဆောင် လုပ်ငန်းရှင်များထံက သိရသည်။
''လက်ရှိမှာ ရွေးကောက်ပွဲနဲ့ရော၊ စီးပွားရေး အဆင်မပြေမှုတွေကြောင့်ရော အိမ်ခြံမြေ ရောင်းဝယ်မှုက မရှိသလောက်ပဲ။ အရင်က မြို့သစ်ထဲမှာ တစ်ရက်ကို နှစ်ကွက်၊ သုံးကွက် အရောင်းအဝယ် ဖြစ်နေတာ။ ခုဆိုတစ်ရက်ကို တစ်ကွက်နှုန်း အရောင်းအဝယ်တောင် မဖြစ်ချင်ဘူး။ အရောင်းအဝယ်က အေးပေမယ်လို့ ဈေးကတော့ လျော့ရောင်းတယ် ဆိုတာ ရှားတယ်။
ငွေလိုလို့ လျော့ရောင်တဲ့ သူတော့ ရှိကြပါတယ်'' ဟု ရွှေမန္တလေး အိမ်ခြံမြေ အကျိုးတော်ဆောင် လုပ်ငန်းမှ ဦးနေလင်းအောင်က ပြောသည်။
အိမ်ခြံမြေ ရောင်းဝယ်မှုတွင် အခွန်တံဆိပ်ခေါင်း ငါးရာခိုင်နှုန်းနှင့် ကျပ်သိန်းတစ်ထောင်အောက် သုံးရာခိုင်နှုန်း အခွန်ဆောင်ရသည်။
Ref : Messenger
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ