By Myanmar Times, Shweproperty.com
Updated at 2 February 2016
မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်ဟာ လတ်တလောမှာ ဈေးနှုန်းအလယ်အလတ်တန်းဖြစ်တဲ့ အိမ်ခြံမြေတွေက အထိုက်အသင့် အရောင်းအဝယ်ဖြစ်ကြပေမယ့် ဈေးနှုန်း မြင့်တဲ့ မြို့တွင်း အိမ်ခြံမြေတွေကတော့ အရောင်းအဝယ် ဆက်လက် အေးစက်နေ နိုင်ကြောင်း အကျိုးဆောင် တချို့က သုံးသပ်ကြပါတယ်။
အစိုးရသစ် တက်လာပြီးနောက်ပိုင်းမှာ အိမ်ခြံမြေကဏ္ဍကို ဘယ်လိုမူဝါဒ ချမှတ်ဦးမလဲဆိုတာ အများစုက စိတ်ဝင်စားစွာ စောင့်ကြည့်နေ ကြပေမယ့် အောက်ထစ် ကျပ်သိန်းပေါင်း သောင်းချီ ဈေးခေါ်နေကြတဲ့ မြို့တွင်း အချက်အချာကျတဲ့ နေရာတွေ ရဲ့ အရောင်းအဝယ်ကတော့ သွက်လက်စွာ လည်ပတ်နိုင်ဦးမှာ မဟုတ်ကြောင်း သုံးသပ်ကြပါတယ်။
တကယ်တော့ အိမ်ခြံမြေဝယ်ယူရာမှာ ဝယ်ယူသူက သတ်မှတ်တန်ဖိုးအပေါ် ပေးဆောင်ရမယ့် အခွန်နှုန်းထားတွေအတွက် ပြီးခဲ့တဲ့နှစ်က သတ်မှတ်ချက်ဟာ အရင်နှစ်တွေထက်စာရင် လုပ်သာ ကိုင်သာ ရှိခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ အိမ်ခြံမြေတန်ဖိုး ကျပ်သိန်း ၅၀၀ နဲ့ အောက်ကို အခွန် သုံးရာခိုင်နှုန်း၊ ကျပ်သိန်း ၅၀၀ မှ ၁,၅၀၀ အထိကို ၁၀ ရာခိုင်နှုန်း၊ ကျပ် သိန်း ၁,၅၀၀ မှ ၃,၀၀၀ ကြားကို ၂၀ ရာခိုင် နှုန်း၊ ကျပ်သိန်း ၃, ၀၀၀ အထက်ကို ၃၀ ရာခိုင် နှုန်း ပေးဆောင်ဖို့ သတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၅ ခုနှစ်မှာတော့ ကျပ်သိန်း ၁,၀၀၀ အထိကို အခွန် သုံးရာခိုင်နှုန်း၊ ကျပ်သိန်း ၁,၀၀၀ မှ ၅,၀၀၀ အထိ ငါးရာခိုင် နှုန်း၊ ကျပ်သိန်း ၅,၀၀၀ မှ ကျပ်သိန်း ၁၀,၀၀၀ အထိ ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀,၀၀၀ မှ ကျပ်သိန်း ၁၅,၀၀၀ အထိ ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၅,၀၀၀ နှင့် အထက်ကို ၃၀ ရာခိုင် နှုန်း ပေးဆောင်ဖို့ ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။
ဒါဟာ အရင်ကထက်စာရင် အတော် သက်သာသွားတယ်လို့ ပြောနိုင်ပေမယ့် အရောင်းအဝယ် ကတော့ ၂၀၁၅ ခုနှစ် တစ်နှစ်လုံးမှာလည်း ကောင်းကောင်း လည်ပတ်နိုင်ခြင်း မရှိခဲ့ပါဘူး။ လတ်တလောမှာ အစိုးရသစ်အနေနဲ့ အိမ်မြေကဏ္ဍမှာ အခွန်နဲ့ ပတ်သက်ရင် ဘယ်လိုကိုင်တွယ် အပြောင်းအလဲ လုပ်ဦး မယ်ဆိုတာ မသိရှိရသေးပေမယ့် အခွန်ကို ထပ်တိုးလိုက်မယ်ဆိုရင်တော့ အရောင်း အဝယ်အေးနေတဲ့ ဈေးကွက်ဟာ ပိုငြိမ် သက်သွားဖို့ များတယ်လို့ အိမ်မြေဈေးကွက်မှာ လုပ်ကိုင်နေသူအများစုက ခန့်မှန်းကြ ပါတယ်။ အဲဒါနဲ့ အခြားတစ်ဖက်မှာ ဖွံ့ဖြိုးပြီးနေရာမှာ ရှိနေတဲ့ အိမ်ခြံမြေပိုင်ရှင်တွေအနေနဲ့ အခွန်နှုန်းထား ဘယ်လိုပဲပြောင်းပြောင်း၊ လက်ရှိခေါ်နေတဲ့ ပေါက်ဈေးတန်းကနေ များစွာ နှိမ့်ခွာပြီး ဈေးမခေါ်နိုင်ကြကြောင်း လည်း သုံးသပ်ကြပါတယ်။ အထူးသဖြင့် ဈေးနှုန်း အလယ်အလတ်တန်းစားလို့ ခေါ်ရမှာဖြစ်တဲ့ ကျပ်သိန်း ၁,၀၀၀ နဲ့ ကျပ်သိန်း ၄,၀၀၀ ကြား အိမ်ခြံမြေတွေဟာ ဈေးနှုန်းအပြောင်းအလဲ မများနိုင်ဘူးလို့ အများစုက သုံးသပ်ကြပါတယ်။
Ref : Myamnar Times
Photo Credit : Myanmar Times
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ