By The Voice Myanmar, Shweproperty.com
Updated at 11 October 2018
အောင်မြေသာစံမြို့နယ် ကမ်းနားလမ်းတစ်လျှောက် ကျူးကျော်နေထိုင်သူများအတွက် ဆောက်လုပ်ပေးထားသော အငှားအိမ်ရာတိုက်ခန်းများကို မန္တလေးတိုင်းအစိုးရအဖွဲ့ ဦးဆောင်စစ်ဆေးခဲ့ပြီး အမှန်တကယ်နေထိုင်သူများကိုသာ စာချုပ်အသစ်ချုပ်ဆို၍ ပြန်လည်ငှားရမ်းပေးမည်ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူများက ပြောကြားသည်။
“စိစစ်တဲ့အချိန်မှာ အုပ်စုသုံးစု လောက်တွေ့ရပါတယ်။ မူလချထားပေး စဉ်ကတည်းက နေတဲ့သူကငါးရာလောက်၊ တစ်ဆင့်ပြန်ငှားစားတဲ့သူက ငါးရာလောက်နဲ့ ရောင်းထားတာက ငါးရာလောက်ပေါ့။ ချပေးကတည်းက အခုထိ နေတဲ့သူတွေကို စာချုပ်အသစ်နဲ့ ဆက်နေခွင့်ပေးမယ်။ တစ်ဆင့်ငှားထားသူနဲ့ ဝယ်ယူနေထိုင်သူတွေကိုလည်း သူတို့အမည်နဲ့ စာချုပ်ပြန်ချုပ်ပြီး နေခွင့်ပြုမယ်လို့စဉ်းစားနေတယ်။ လခမပေးတဲ့သူတွေကိုတော့ သတိပေးထားတယ်” ဟု မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောဆိုသည်။
မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ယင်းတိုက်ခန်းများတွင် နေထိုင်သူများကို ပြန်လည်စိစစ်မည်ဖြစ်ကြောင်း စက်တင်ဘာလကုန်ပိုင်းက ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ဝင်ရောက် စစ်ဆေးခဲ့ခြင်းဖြစ်သည်။
တိုက်ခန်းတစ်ခန်းလျှင် ငှားရမ်းနေထိုင်ခအဖြစ် တစ်လလျှင် ကျပ်လေးသောင်းသတ်မှတ်ထားပြီး ဒဏ်ကြေးကိုမူ ကျပ်တစ်သိန်း သတ်မှတ်ထားကြောင်း၊ ဒဏ်ငွေ ပေးဆောင်သူများကို တိုက်ခန်းတွင်နေ ထိုင်ခွင့်ပြုတော့မည်မဟုတ်ကြောင်း ဦးကျော်ဆန်းမြင့်က ထပ်လောင်းပြောဆိုသည်။
အဆိုပါအငှားအိမ်ရာတိုက်ခန်းများတွင် မူးယစ်ဆေးဝါးသုံးစွဲရောင်းချနေမှုများ ရှိနေသည့်အတွက် ဩဂုတ် ၂၀ ရက် က ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး မူးယစ်တွေ့ရှိသည့်အခန်းများကို ပိတ်သိမ်းခဲ့သည့်အပြင် ကမ်းနားလမ်းတစ်လျှောက်ရှိ ကျူးကျော်တဲများကိုလည်း မန္တလေးတိုင်းအစိုးရအဖွဲ့က ရှင်းလင်းဖယ်ရှားခဲ့သေးသည်။
မြို့တော်စည်ပင်သာယာရေးကော်မတီသည် အဆိုပါအငှားအိမ်ရာတိုက်ခန်းများကို ၂၀၁၅ ခုနှစ်က တည်ဆောက်ခဲ့ရာ မင်းတဲအီကင်းရပ်ကွက် စံပယ်အိမ်ရာ၌ ၁၂ ခန်းတွဲခြောက်ထပ်တိုက်ခြောက်လုံးမှ ၄၃၂ ခန်း၊ နှင်းဆီအိမ်ရာ၌ ၁၂ ခန်းတွဲ ခြောက်ထပ်တိုက် ၁၄ လုံးမှ အခန်း ၁၀၀၈ ခန်း၊ ညောင်ကွဲရပ်ကွက် ကံကော်အိမ်ရာ၌ ၁၂ ခန်းတွဲ ခြောက်ထပ်တိုက်နှစ်လုံးမှ ၁၄၄ ခန်းကို ကျူးကျော်နေထိုင်သူများကို အငှားစနစ်ဖြင့် ချထားပေးခဲ့သည်။
Ref & Photo Credit : The Voice Myanmar
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ