By myanmar property, Shweproperty.com
Updated at 11 June 2013
စီးပွားရေးလုပ်ငန်းရှင်များ၏ အပြိုင်အဆိုင် ဝယ်ယူမှုကြောင့် ယခုနှစ် အတွင်း မရမ်းကုန်းမြို့နယ်၏ အိမ်ခြံမြေဝယ်လိုအား ၅၀ ရာခိုင်နှုန်းအထိမြင့်တက်လာကြောင်း အိမ်၊ ခြံ ၊မြေ အကျိုးဆောင်များထံမှ စုံစမ်းသိရှိရသည်။
မရမ်းကုန်းမြို့နယ်သည် ရန်ကုန်မြို့လယ်နှင့်နီးပြီး သွားလာရေးလွယ်ကူသော အချက်အချာကျသည့် မြို့နယ်တစ်ခု ဖြစ်သောကြောင့် ရုံးခန်းဖွင့်ရန်နှင့် နေထိုင်ရန် စီးပွားရေးလုပ်ငန်းရှင်များ ရွေးချယ်လာကြပြီး အထူးသဖြင့် နိုင်ငံခြားလုပ်ငန်းရှင်များ၏ ဝယ်လိုအား ပိုမိုများပြားလျက်ရှိကြောင်း သိရသည်။
“ဒီမြို့နယ်က မြို့တွင်း၊ မြို့ပြင်သွားလာဆက်သွယ်ရေး ကောင်းတယ်၊ အချက်အချာကျတဲ့ ပြည်လမ်းမကြီးပေါ်မှာ ရှိတဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေက အပြိုင်အဆိုင် လာဝယ်ကြတာ၊ ဒီတော့ ဈေးတွေ ခုန်တက်ကုန်တယ်၊ ဈေးမြင့်တော့ ပြည်တွင်းထက် ပြည်ပကပဲ ပိုဝယ်လာတယ်၊ သူတို့အနေနဲ့ အမြတ်ခွန် ၃၇ ရာခိုင်နှုန်းကိုတောင်မကြောက်ဘဲ ဝယ်ကြတယ်”ဟု နန်းတော်ကြီး အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ မမြတ်စုလွင်က ပြောသည်။
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၊ သြဂုတ်လအတွင်း အမြတ်ခွန်ရာခိုင်နှုန်းသစ် ထုတ်ပြန်ပြီးနောက် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်များ ကျဆင်းသွားပြီး အဌားမြင့်တက်လာခဲ့သော်လည်း ယခုလပိုင်းအတွင်း ပြည်ပစီးပွားရေးလုပ်ငန်းရှင်များ၏ ဝယ်ယူမှုများကြောင့် မရမ်းကုန်းမြို့နယ်၏ အိမ်၊ ခြံ၊မြေ အရောင်းအဝယ် ပြန်တက်လာခဲ့ကြောင်း သိရသည်။
“မြေတွေကို ဝယ်လို့ရရင်ဝယ်ကြတယ်၊ လုံးချင်းအိမ်တော့ ဝယ်တာနည်းတယ်၊ မြေဈေးက အရမ်းမြင့်တော့ အိမ်ရာတွေကို ဝယ်ကြတယ်၊ ပြည်လမ်းကိုတော့ အဓိကဦးစားပေး ဝယ်ကြတာ များတယ်၊ ကွန်ဒိုလည်း အဝယ်လိုက်တယ်၊ ကွန်ဒိုဝယ်ရင်း အထပ်မြင့်ကို ဦးစားပေးဝယ်ကြတယ်၊ အများစုက ရုံးခန်းတွေ ဖွင့်ဖို့အတွက်ပဲ ”ဟု မြန်မာ့ရောင်ခြည် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်မှ မလှလှဝင်းက ပြောသည်။
အရောင်းအဝယ် သွက်လာသည့်နည်းတူ မြေကွက်ဈေးနှုန်းများလည်း မြင့်တက်လာပြီး မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းမတန်းရှိ ပေ ၅၀ x ၆၀ မြေကွက်များမှာ ယခင် ကျပ်သန်း သုံးသောင်းဝန်းကျင်ခန့်သာရှိခဲ့ရာမှ ယခုအခါ သန်းပေါင်း ခုနစ်သောင်းသို့ မြင့်တက်လာကြောင်း၊ အတွင်းပိုင်းရောက်သည့် လမ်းသွယ်များမှ အိမ်ရာများမှာလည်း ယခင်ကျပ်သိန်း ငါးထောင်ဝန်းကျင် ထိသာ ဈေးအမြင့်ဆုံးရရှိခဲ့ရာမှ ယခုအခါ ကျပ်သန်းပေါင်း သုံးသောင်းဝန်းကျင်အထိ ဈေးမြင့်တက်လျက်ရှိကြောင်း သိရသည်။
Ref : Myanmar Property
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ