By The Voice Weekly, Shweproperty.com
Updated at 6 August 2013
မန္တလေးမြို့တော် ချမ်းမြသာစည်မြို့နယ် မမ (၁၅) အကွက်တွင် တည်ဆောက်မည့် တန်ဖိုးနည်း အိမ်ရာတွင် တိုက်ခန်း တစ်ခန်းကို ကျပ် ၇၅ သိန်း ဝန်းကျင်ဖြင့် ရောင်းချပေးရန် စီစဉ်ထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးပိုမြင့်က ပြောကြားသည်။
အဆိုပါ တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများကို အိမ်ရာ ဆောက်လုပ် မည့် မြေနေရာတွင် ရှိသော မြေဝယ်ယူမှု မှားယွင်းသူများနှင့် အစိုးရ ဝန်ထမ်း များကို ဦးစားပေး ရောင်းချပေးသွားမည် ဖြစ်ပြီး တိုက်ခန်း အမျိုးအစား အလိုက် ဈေးနှုန်း အပြောင်းအလဲ ရှိကြောင်း ၎င်းက ဆိုသည်။
တန်ဖိုးနည်းအိမ်ရာ တည်ဆောက်မည့် မြေနေရာများကို ၁၉၉၀ ပြည့်နှစ် ကတည်းက စီမံကိန်းအတွက် သိမ်းယူထားပြီး ဖြစ်သော်လည်း စီမံကိန်း အကောင်အထည် မဖော်သေးသည့်အတွက် ယင်းနေရာတွင် မူလ ပိုင်ရှင် များထံမှ ဝယ်ယူကာ နေထိုင်ကြသူ အိမ်ခြေ ၁၀၀ ခန့်ရှိပြီး အဆိုပါ မြေ ဝယ်ယူမှု မှားယွင်းသူများကို ဦးစားပေး ရောင်းချပေးမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံနှင့် ကုန်ရုံ ဌာနမှ ဌာနမှူး ဦးမျိုးအောင်က ဆိုသည်။
“ပြည်သူတွေကို ဈေး သက်သက်သာသာနဲ့ ရောင်းချပေးချင်လို့ စည်ပင် အနေနဲ့ မြေတန်ဖိုး လမ်း၊ ရေ၊ မီးစတဲ့ ကုန်ကျစရိတ် ထည့်တွက်မှာ မဟုတ်ဘဲနဲ့ အဆောက်အအုံ တည်ဆောက်မှု တန်ဖိုးနဲ့သာ ရောင်းချပေးမှာ ပါ” ဟု ၎င်းက ဆိုသည်။
တန်ဖိုးနည်း အိမ်ရာများကို ပထမအဆင့် အနေနှင့် ချမ်းမြသာစည်မြို့နယ် မမ (၁၅) အကွက်တွင် အခန်း ၅၁ ခန်း ပါဝင်မည့် တိုက် ၂၂ လုံးကို စတင် ဆောင်ရွက်တော့မည် ဖြစ်ပြီး လက်ရှိတွင် တန်ဖိုးနည်း အိမ်ရာ စီမံကိန်းတွင် ပါဝင်သည့် အကွက်များ အားလုံးတွင် လမ်းခင်းပြီး ပြီ ဖြစ်ကြောင်း ဦးမျိုးအောင်ထံမှ သိရသည်။
“ဇူလိုင် ပထမပတ်မှာ လုပ်ငန်းစနိုင်ဖို့ ရည်ရွယ်ထားပေမယ့် အဆောက်အအုံ ဒီဇိုင်း နည်းနည်း အဆင်မပြေ ဖြစ်သွားလို့ မြို့တော်ဝန်ကို တင်ပြပြီး ဒီဇိုင်း ပြန်ဆွဲတာ ပြီးသွားပြီ။ အရင် ဒီဇိုင်းမှာက လမ်းဘက် ကို နောက်ကျောပေးထားတဲ့ အခန်းတွေ ပါနေလို့ မြို့တော်ဝန်ကြီးက သိပ်သဘောမကျ ဘူး” ဟု ၎င်းက ဆိုသည်။
သက်ဆိုင်ရာ၏ ခွင့်ပြုချက် ရပြီးပါက မမ ၁၅ အကွက်တွင် စတင် ဆောက် လုပ်မည် ဖြစ်ပြီး တိုက်ခန်းများ တည်ဆောက်ပြီးမှသာ ရောင်းချမည် ဖြစ် သည်။
ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့အတွင်း တန်ဖိုးနည်း တိုက်ခန်းပေါင်း ငါးထောင်ကျော်ကို မြရည်နန္ဒာနှင့် အောင်သာယာ ရပ်ကွက် တို့ အတွင်းရှိ လမ်း ၄၄ နှင့် ၄၈ လမ်းကြား ယုဇနလမ်းနှင့် စပါယ်လမ်းကြား အကွက်အမှတ် မမ - ၁၅၊ ၁၆၊ ၂၆၊ ၂၇၊ ၂၈၊ ၂၉ ပေါ်တွင် တည်ဆောက် မည် ဖြစ်ကြောင်း၊ အကွက် အမှတ် မမ-၁၅ တွင် တည်ဆောက်မည့် တိုက်ခန်းများ အတွက်သာ ဈေးနှုန်း သတ်မှတ်ရသေးပြီး အကွက် အမှတ် မမ - ၁၆၊၂၆၊၂၇၊၂၈၊၂၉ အတွက်မူ ဒီဇိုင်းပေါ် မူတည်ပြီး ဈေးနှုန်း ထပ်မံ သတ်မှတ်မည် ဖြစ်ကြောင်း အဆောက်အအုံနှင့် ကုန်ရုံဌာနထံမှ သိရသည်။
မန္တလေးမြို့ မြရည်နန္ဒာ ရပ်ကွက်၌ ၂၀၁၂ ခုနှစ် စက်တင်ဘာလခန့်က မိမိသဘောဖြင့် ခြံစည်းရိုး ခတ်၍ သွပ်မိုး ထရံကာ ပေ ၃၀x ၄၀ ပတ်လည် အိမ်များ ဆောက်ကာ နေထိုင်သူများကို မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီက ရှင်းလင်းရန် ဆောင်ရွက်ခဲ့သော် လည်း နေထိုင်သူများက ဖယ်ရှားပေးခြင်း မရှိခဲ့ပေ။
အဆိုပါ ကျူးကျော် နေထိုင်သူများထံမှ ငွေကျပ် ရှစ်သိန်းဖြင့် တစ်ဆင့် ပြန် လည် ဝယ်ယူသူများပင် ရှိခဲ့သည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက အဆိုပါနေရာတွင် ကျူးကျော် နေထိုင်သူများကို နောက်ဆုံး ဖယ်ရှားပေးရန် ရက်သတ်မှတ် ၍ ပြုလုပ်ပေးခဲ့သော်လည်း လိုက်နာခြင်း မရှိသဖြင့် ၂၀၁၃ ခုနှစ် မတ်လ၌ အဆိုပါ ကျူးကျော်များအား မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ က ဘူဒိုဇာဖြင့် ထိုး၍ ဖယ်ရှား ရှင်းလင်းခဲ့သည်။
Ref : The Voice Weekly
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ