By mmtimes, Shweproperty.com
Updated at 15 February 2013
မန္တလေးမြို့မှာ အခုအခါ တန်ဖိုးနည်းအိမ်ရာစီမံကိန်းမျိုးကို ပထမဆုံးအနေနဲ့ အကောင်အထည်ဖော်ဖို့ မြို့တော်စည်ပင်သာယာရေးကော်မတီက စီစဉ်နေတာရှိသလို တစ်ဖက်မှာ ဒီလိုစီမံကိန်းအပြင် တန်ဖိုးနည်းမြေရာ အစီအစဉ်မျိုးကို ထည့်သွင်းစဉ်းစားသင့်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေနဲ့ အိမ်ခြံမြေအကျိုးဆောင်တွေက အကြံပြုပြောကြားပါတယ်။
အိမ်ခြံမြေဈေးကွက်မှာ လက်ရှိပေါက်ဈေးအနေအထားအရ မြေကွက်တစ်ကွက်ကို ုဝယ်ယူပိုင်ဆိုင်ဖို့ဆိုတာ သာမန်လူတန်းစားတစ်ရပ်အတွက် အတော်ခက်ခဲနေတဲ့ အနေအထားလို့ဆိုရမျာဖြစ်ပါတယ်။ ပြောရရင် လူလတ်တန်းစားမိသားစုတစ်စုအနေနဲ့ စားပြီးသောက်ပြီး တစ်လကို ပျမ်းမျှကျပ်သုံးသိန်းလောက်ပိုလျှံစုမိတယ်ဆိုရင်ပဲ အခုခေတ်မှာ မဆိုးဘူးလို့ သတ်မှတ်နိုင်မှာဖြစ်ပေမယ့် ဒီလိုအခြေအနေကို ပိုင်ဆိုင်ထားတယ်ဆိုရင် တောင်မှ မြေတစ်ကွက်ကို ဝယ်ယူဖို့ဆိုရင်တော့ နှစ်အတော်ကြာစိတ်ရှည်လက်ရှည်နဲ့ စုဖို့ဆောင်းဖို့လိုပါလိမ့်မယ်။
အဲဒီလိုအနအထားမျိုးမှာ လူတွေဟာ နေရေးအတွက် ကိုယ်တတ်နိုင်တဲ့ ငွေပမာဏဆိုရင် အတတ်နိုင်ဆုံးအားထုတ်ပြီး မဖြစ်ဖြစ်အောင် ကြိုးစားဝယ်ယူလိုတဲ့စိတ်မျိုးရှိနေတာကိုလည်း မှန်းဆကြည့်ရင် ရနိုင်ပါတယ်။
ဥပမာပြောရရင် ပြီးခဲ့တဲ့နှစ်အတွင်းက မန္တလေးမြို့ရဲ့ အရှေ့တောင်ဘက်မှာ ဖြစ်ပျက်ခဲ့တဲ့ မြေရာအရှုပ်အရှင်းကိစ္စရပ်တွေကို ပြန်ကြည့်ရင်သိနိုင်ပါတယ်။အဲဒီအခါက အရှင်းဆုံးပြောရရင် တရားမဝင်မှန်းသိသိနဲ့ စွန့်စားပြီး ဝယ်လိုက်တဲ့ ငွေရှင်ကြေးရှင်တွေလည်း ပါခဲ့ကြောင်း သိရသလို ကိုယ်တတ်နိုင်တဲ့ ငွေပမာဏလေးဖြစ်ပြီး တရားဝင်တယ်ထင်လို့ နေစရာ၊ ကျောခင်းစရာတစ်နေရာလေးရပြီဆိုပြီး ရှိသမျှခြစ်ခြုတ်ပုံအောဝယ်လိုက်ကြသူတွေလည်းရှိခဲ့ပါတယ်။
ပြောချင်တာကတော့ ကိုယ်တတ်နိုင်တဲ့ တန်ဖိုးနည်းပမာဏနဲ့ဆိုရင် နေစရာကိုတပ်မက်ပြီး ဝယ်ကြမယ့်သူတွေများပြားမယ်ဆိုတာပါပဲ။
အခုတန်ဖိုးနည်းမြေရာ မဟုတ်ပေမယ့် စည်ပင်သာယာအနေနဲ့ တန်ဖိုးနည်းအိမ်ရာစီမံကိန်းအဖြစ် ချမ်းမြသာစည်မြို့နယ် ယုဇနလမ်းလမ်းနဲ့မန္တလေး-ပြင်ဦးလွင်သံလမ်းကြား၊ ၄၄လမ်းနဲ့၄၈လမ်းကြားမှာရှိတဲ့ “မမ” အကွက်ကြီးတွေဖြစ်တဲ့အကွက် ၁၅၊ ၁၆၊ ၂၆၊ ၂၇၊ ၂၈၊ ၂၉ အတွင်း အကောင်အထည်ဖော်သွားဖို့ စီစဉ်နေပြီး အဲဒီအတွက် အဆောက်အအုံတည်ဆောက်ဖို့ တင်ဒါတွေလည်း အပြိုင်ခေါ်ယူထားပါတယ်။
အဲဒီအကွက်ကြီးတွေအတွင်း ကနဦးသိရှိချက်အရ လေးခန်းတွဲ၊ လေးထပ်အဆောက်အအုံတွေတည်ဆောက်သွားဖို့ရှိပြီး အခန်းစုစုပေါင်း ၅၀၀၀လောက် ပါဝင်သွားနိုင်မယ်လို့ သိရပါတယ်။
ဒီနေရာမှာ လူတွေသိချင်လာတဲ့ အဓိကအချက်တွေက အခန်းတစ်ခန်းကို ဘယ်လောက်နှုန်းနဲ့ ရောင်းချသွားမလဲ ဆိုတာရယ်၊ ပြီးတော့ ဘယ်လိုလူတွေအတွက် အဓိက ဦးစားပေးအဖြစ်သတ်မှတ်ရောင်းချသွားမလဲဆိုတာတွေ ရယ်ပဲဖြစ်ပါလိမ့်မယ်။
တန်ဖိုးနည်းလို့ဆိုထားတဲ့အတွက် လူအများစု စိတ်ဝင်စားမိကြမှာဖြစ်ပေမယ့် ခေတ်ကာလပေါက်ဈေးအရ တည်ဆောက်စရိတ်ကို ချိန်ထိုးပြီးမှ ဈေးနှုန်းဆိုတာ အတည်ဖြစ်နိုင်မှာကိုတော့ ထည့်စဉ်းစားထားကြရမှာ ဖြစ်ပါတယ်။
လက်ရှိမှာ တည်ဆောက်စရိတ်က တစ်ပေပတ်လည်ဆိုလျှင် ၁၈၀၀၀ကျပ်လောက်ရှိနေပါတယ်။ ဒါကြောင့် ပေ၂၀xပေ၃၀ ပတ်လည်အဆောက်အအုံဆိုရင် ကျပ်သိန်း ၁၀၀ကျော်လောက် ကျနိုင်ပါတယ်။ ဒါဟာ အခြေခံအဆောက်အအုံပဲရှိပါသေးတယ်။ တခြားလိုအပ်ချက်တွေဖြစ်တဲ့ ရေ၊ မီး၊ ကိစ္စတွေ မပါသေးပါဘူးလို့ CAD ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးဇင်မင်းဆွေက ရှင်းပြပါတယ်။
တန်ဖိုးနည်းအိမ်ရာမှာ အခန်းတစ်ခန်းရဲ့အကျယ်ကလည်း အနည်းဆုံးတော့ ပေ၂၀xပေ၃၀ ပတ်လည်ရှိရမှာ ဖြစ်ပါတယ်။ ဒီလိုအနေအထားမှာ တန်ဖိုးနည်းအိမ်ရာအပြင် တန်ဖိုးနည်းမြေရာ ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားသင့်တဲ့အချက်တွေ ရှိလာကြောင်း ဦးဇင်မင်းဆွေက ဆက်လက်ပြောကြားပါတယ်။
Source : mmtimes
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ