By Mizzima, Shweproperty.com
Updated at 24 December 2013
ရွှေ့ပြောင်းနိုင်သည့် တည်ဖိုးနည်းအိမ်ရာများ တည်ဆောက်ရန် Moducelar House စက်ရုံကို မန္တလေး မြို့ ၇၂ လမ်း နှင့် ၇၃ လမ်းကြား ကျွဲဆည်ကန်ကားကြီးဝင်းအနီး တည်ဆောက်ထားပြီး၂၀၁၄ ခုနှစ်၊ ဧပြီ တွင် စတင်ထုတ်လုပ် ရောင်းချသွားမည်ဟု တော်ဝင်စံသူထိုက်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးမင်း မြတ်က မဇ္ဈိမကို ပြောသည်။
“ကျွန်တော်တို့ ဒီစက်ရုံတည်ဆောက်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ အခြေခံလူတန်းစားတွေကို သပ်သပ်ရပ်ရပ် အိမ်လေးတွေနဲ့ နေစေချင်တာရယ်။ ဆင်းရဲမွဲတေမှု လျှော့ချတဲ့နေရာမှာလည်း တစ်တပ် တစ်အား ကူညီပေးတဲ့သဘောနဲ့ ဆောင်ရွက်တာပါ”ဟု ပြောသည်။
ပေ ၂၀ ပတ်လည် နှစ်ထပ်အိမ် တည်ဆောက်မည်ဆိုပါက ၇၅ သိန်း ကုန်ကျမည်ဖြစ်ပြီး မိသားစုငါးဦး နေနိုင်သည်ဟု ဆိုသည်။ အိမ်တစ်လုံးအား လူခုနစ်ဦးနှင့် တည်ဆောက်ပြီး နှစ်ပတ်ကြာကြောင်း၊ ထို အိမ်များသည် ငလျင်ဒဏ်ခံနိုင်မည်ဖြစ်ပြီး မီးဘေးလည်း ခံနိုင်ရည်ရှိကြောင်း သိရသည်။
အဆောက်အအုံများ၏ ခံနိုင်ရည်သည် နှစ် ၂၀ ဖြစ်ပြီး ချို့ယွင်းမှုများဖြစ်ပေါ်လာပါက ကုမ္ပဏီမှ တာဝန်ယူပြုပြင်ပေးသွားမည်ဖြစ်သည်။
သပိတ်ကျင်းမြို့နယ် ငလျင်ဒဏ်သင့်ဒေသများတွင် တည်ဆောက်လျက်ရှိသော Moducelar House များသည်လည်း တော်ဝင်စံသူထိုက်ကုမ္ပဏီမှ တိုင်းအစိုးရအစီအစဉ်ဖြင့် တည်ဆောက်နေခြင်းဖြစ်ပြီး ကုန်ပစ္စည်းများမှာ တရုတ်နိုင်ငံမှ အစိုးရအဖွဲ့သို့ လှူဒါန်းထားခြင်းဖြစ်သည်ဟု ဦးမင်းမြတ်က ဆိုသည်။
ကုမ္ပဏီသည် သပိတ်ကျင်းမြို့နယ်၌ လူနေအိမ် ၆၉ လုံးနှင့်ဘုန်းကြီးကျောင်း ၆၄ ကျောင်းတည်ဆောက် ပြီးဖြစ်သည်။ နောက်ထပ်တည်ဆောက်ရန် အိမ် ၁၀၀ ကျော် ကျန်ရှိနေသေးကြောင်း သိရသည်။
ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် မြေစိုက်အိမ်များလည်း တည်ဆောက်နိုင်ပြီး ထိုအိမ်များတန်ဖိုးမှာ ၁၂ သိန်းခန့်သာ ကုန်ကျမည်ဟု ဦးမင်းမြတ်က ပြောသည်။
ထိုတန်ဖိုးနည်း ရွှေ့ပြောင်းနိုင်သော အိမ်များသည် တစ်ထပ်မှ သုံးထပ်အထိ တည်ဆောက်နိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံတွင် နှစ်ထပ်သာ ဆောက်သေးကြောင်း သိရသည်။ ထိုအထပ်မြင့် အဆောက်အအုံများသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ကြောင်းနှင့် စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်း များအတွက် ရည်ရွယ်ကြောင်း သိရသည်။
Ref : Mizzima
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ