By Myanmar Builders Guide, Shweproperty.com
Updated at 18 February 2019
မီးဘေးသင့်ခဲ့သည့် မန္တလေးမင်္ဂလာဈေး ပြန်လည်တည်ဆောက်မည့် ဒီဇိုင်းပုံစံသစ်နှင့်ပတ်သက်၍ ဈေးသူ၊ ဈေးသားများထံ ပထမဦးဆုံးအကြိမ် ရှင်းလင်းချပြခဲ့ကြောင်း ယင်းဈေးအကျိုးဆောင်ကော်မတီထံမှ သိရပါသည်။
ယင်းတိုင်းအစိုးရအဖွဲ့ထံမှ ဒီဇိုင်း ပုံစံ ရရှိပြီးနောက် ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် ဈေးအကျိုးတော်ဆောင်ကော်မတီနှင့် ဈေးသူ၊ ဈေးသားများတွေ့ဆုံဆွေးနွေးခဲ့ပြီး ယင်းဆွေးနွေးပွဲမှ ဈေးသူ၊ ဈေးသားများ၏ တင်ပြတောင်းဆိုသည့် သဘောထားများကို တိုင်းအစိုးရကိုပြန်လည်တင်ပြမည်ဖြစ်ကြောင်း ၎င်းကော်မတီထံမှ သိရပါသည်။
အစိုးရအဖွဲ့ထံမှ တည်ဆောက်မည့် ဒီဇိုင်း ပုံစံကြမ်းရရှိခဲ့သော်လည်း ဈေးဆိုင်ခန်းများ နေရာချထားမှုနှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးညှိနှိုင်းရမည်ဖြစ်ကြောင်း မင်္ဂလာဈေးအကျိုးတော်ဆောင်ကော်မတီ ဥက္ကဋ္ဌ ဦးအေးချိုက ပြောကြားထားပါသည်။
"ဈေးတည်ဆောက်မှုကတော့ ဆွေးနွေးညှိနှိုင်းမှုတွေပြီးမှ စမယ်ထင်တယ်" ဟု ၎င်းက ပြောဆိုထားပါသည်။
ပြန်လည်တည်ဆောက်မည့် မင်္ဂလာဈေးသစ်တွင် ယခင်က မိမိတို့ပိုင်ဆိုင်ခဲ့သည့် မူလနေရာများကို ပြန်လည်ရရှိလိုကြောင်း ဈေးသူ၊ ဈေးသားများက ပြောကြားထားပါသည်။
မင်္ဂလာဈေး ပြန်လည်တည်ဆောက်မည့် အဆောက်အအုံဒီဇိုင်းပုံစံတွင် Public Area နှစ်ခု၊ လေးထပ် အဆောက်အအုံများနှင့် ကွန်ဒိုတစ်လုံးပါဝင်မည်ဖြစ်ပြီး ယခင်က မြို့တော်ဝန်အိမ်နေရာအဖြစ် တည်ရှိခဲ့သည့်နေရာကို ဖျက်သိမ်း၍ ဈေးဧရိယာအတွင်း ထည့်သွင်းရေးဆွဲထားကာ ယင်းဈေးသစ်ကို ပြည်တွင်းကုမ္ပဏီနှစ်ခုက ပူးပေါင်းတည်ဆောက်မည်ဖြစ်ကြောင်း အကျိုးတော်ဆောင်ကော်မတီထံမှ သိရပါသည်။
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀ နှင့် ၇၃ လမ်းထောင့်ရှိ မင်္ဂလာဈေးသည် ၂၀၁၆ ခုနှစ် မတ်လ ၂၂ရက်နေ့က ဈေးဧရိယာတစ်ခုလုံး မီးလောင်ကျွမ်းခဲ့ပြီး ၂ နှစ်နှင့် ၁၀ လ(ခန့်)ကြာမြင့်ချိန်အထိ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ခြင်းမရှိသေးဘဲ မဟာအောင်မြေမြို့နယ် ၃၅ လမ်းနှင့် ၇၁ လမ်းထောင့်ရှိ ဂေါ်ရာဘောလုံးကွင်းမြေနေရာသို့ ဈေးဆိုင်ခန်းနှင့် ပျံကျဈေးဆိုင်ခန်း ၇၀၀ ကျော်ဖြင့် ယာယီဈေးအဖြစ ဖွင့်လှစ်ပေးထားပါသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ