By ကုမုဒြာ, Shweproperty.com
Updated at 29 May 2013
မိတ္တီလာပဋိက္ခဖြစ်ပြီး နောက်ပိုင်း အရောင်းအဝယ်အေးသွားတဲ့ မန ္တလေး အိမ်ခြံမြေဈေးကွက်ဟာ အရောင်းအဝယ်ပြန်လိုက်လာပြီး ယခုတစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်တာတွေ ရှိတယ်လို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတွေက ဆိုပါတယ်။
‘မိတ္တီလာပဋိပက္ခမတိုင်ခင်က အရောင်းအဝယ်သွက်တယ်၊ မိတ္တီလာမှာ ဖြစ်တော့ အရောင်းအဝယ်တန့်သွားတာ အခုမှပြန်ဖြစ်လာတယ်’လို့ မန်းမြေရာဇာအိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးကျော်ဝင်းက ပြောပါတယ်။
ယခုတစ်ပတ်အတွင်း သိပ္ပံလမ်း တောင်ဘက်မှာ ပေ ၁၀၀ ပတ်လည်ကို ကျပ်သိန်း ၁၂,၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့သလို ၃၅ လမ်းပေါ်မှာလည်း တစ်ဧကကို ကျပ်သိန်းပေါင်း ၄၀,၀၀၀ ကျော်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဦးကျော်ဝင်းက ဆိုပါတယ်။
အိမ်ခြံမြေမှာ နေထိုင်မယ့်သူရော၊ မြေကိုဝယ်ထားပြီး ရင်းနှီးမြှုပ်နှံမယ့်သူရော၊ စီးပွားရေး လုပ်မယ့်သူတွေရော ဝယ်ကြတာများလို့ အရောင်းအဝယ်ပြန်လိုက်လာတာလို့ သိရပါတယ်။
‘ကျောက်သမားတွေလဲ ဝယ်ကြတယ်၊ ဟိုတယ်ဆောက်မယ့်သူလဲ ဝယ်တယ်၊ စားသောက်ဆိုင်ဖွင့်မယ့်သူတွေလဲ ဝယ်ကြတယ်၊ ပုဂ္ဂလိကကျောင်းဖွင့်ဖို့အတွက် ဝယ်ကြတာတွေလဲရှိတယ်’လို့ ဦးကျော်ဝင်းက ပြောပါတယ်။
မန္တလေးမှာ အရောင်းအဝယ်ဖြစ်နေတဲ့နေရာတွေက မဟာမြိုင်ရပ်ကွက်၊ မြို့သစ် ၆၂ လမ်းနဲ့ ၆၆ လမ်းကြား(တ၊ဏ) ရပ်ကွက် ၊မြို့သစ် မနော်ဟရီလမ်းနဲ့ သိပ္ပံလမ်းကြားဘက်တွေမှာ အရောင်းအဝယ်သွက်ပြီး ဈေးနည်းနည်းတက်လာတယ်လို့ သိရပါတယ်။
‘လူနေသိပ်သည်းတဲ့နေရာတွေပေါ့၊ အဲဒီနေရာတွေက ဈေးလဲတက်လာတယ်၊ အရောင်းအဝယ်လဲ သွက်တယ်’လို့ထွန်းသစ္စာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးတင်မောင်က ပြောပါတယ်။
ရဲမွန်တောင်ရပ်ကွက်၊ စက်မှုမြို့သစ်တို့ဘက်မှာတော့ အရောင်းအဝယ်ရှိပေမဲ့ ဈေးမတက်ဘဲ ဈေးကျနေတယ်လို့ သိရပါတယ်။
‘ရဲမွန်တောင်ကတော့ နဂိုဈေးကို မမီသေးဘူး၊ လမ်းသွယ်ထဲက အကွက်တစ်ကွက်ကို ၂၀၁၁ ခုတုန်းက ကျပ်သိန်း ၁၁၀၀၊ ၁၂၀၀ ပေါက်တာ၊ အခုကာလမှာတော့ ကြားကွက်တစ်ကွက်က ကျပ်သိန်း ၉၀၀ ထက်မပိုသေးဘူး၊ အရောင်းအဝယ်ဖြစ်တာတစ်ခုပဲ၊ စက်မှုဇုန်ဧကကွက်ဈေးတွေလဲ ခေါက်ချိုးကျတယ်၊ အရင်ကျပ်သိန်း ၂၀,၀၀၀ တောင်းတဲ့ ဈေးက ၁၀,၀၀၀ ပဲအော်လို့ရတယ်၊ ဒါတောင် ရောင်းဖို့သိပ်မလွယ်ဘူး’လို့ ဝါရင့်အိမ်ခြံမြေအကျိုးဆောင် ဦးတင်မောင်က ပြောပါတယ်။
ရှေ့ဆက်ပြီး အိမ်ခြံမြေဈေးကွက်အလားအလာ ကောင်းလာနိုင်သလို ၂၀၁၁ ခုတုန်းက ကောင်းခဲ့တဲ့ အိမ်ခြံမြေအရောင်းအဝယ်ကို မီလာနိုင်တယ်လို့ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းအချို့က သုံးသပ်ကြပါတယ်။
‘ရွှေဈေးကလဲ ကစားလို့မရ၊ ကားဈေးကလဲ ကစားလို့မရ၊ မြေဈေးက အောက်ဈေးနဲ့ ကျဈေးဝယ်လိုရတော့ အရောင်းအဝယ်တွေ တွင်တွင်ကျယ်ကျယ်ဖြစ်လာနိုင်တယ်’လို့ ဦးတင်မောင်က ပြောပါတယ်။
ဦးကျော်ဝင်းက ‘မြေကို ကြိုက်တာက ကျောက်သမားတွေ၊ ကျောက်သမားတွေ ပိုက်ဆံရှိရင် ရွှေတို့ကားတို့ ဝယ်တာထက် မြေကို လှောင်တာများတယ်၊ အခုက အီးယူကလဲ ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးတယ်၊ အမေရိကန်ကလဲ ပိတ်ဆို့ထားတာတွေ ဖွင့်ပေးတော့ မိုးကုတ်၊ မိုင်းရူး၊ တနိုင်းတို့ဘက်က ကျောက်သမားတွေ ကျောက်အရောင်းအဝယ်ကောင်းမယ်၊ နိုင်ငံခြားဝယ်ယူမှုများလာရင်တော့ မြေအရောင်းအဝယ် ကောင်းလာမယ်၊ ကံကောင်းရင် ၂၀၁၁ စံချိန်တောင် ကျော်သွားနိုင်တယ်’လို့ ပြောပါတယ်။
Ref: Kumudra
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ