By The Voice Weekly, Shweproperty.com
Updated at 8 July 2013
ကျောက်စိမ်း ကျောက်မျက်ပြပွဲအပြီး အိမ်၊ ခြံ၊ မြေ ဝယ်ရောင်း လုပ်ကိုင်သူများ ပြန်ဝင်လာ၍ မန္တလေး အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ ဇူလိုင်လ ၁ ရက်နေ့ခန့်မှ စတင်၍ ပြန်လည် ဦးမော့လာကြောင်း မန္တလေးမြို့ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။
“ကျောက်သမားတွေ အဓိက ပြန်ဝင်လာတယ်။ ဒေါ်လာဈေးမြင့်တော့ တရုတ်ငွေဈေးလည်း မြင့်တယ်။ ငွေလဲနှုန်း အပြောင်းအလဲကြောင့် အိမ်၊ ခြံ၊ မြေ ဈေးကွက်ကို ဝင်လာတဲ့သူတွေ များလာကြပြီ” ဟု မန္တလေးမြို့သစ် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ဒေါ်ချိုက ဆိုသည်။
ဇွန်လ ပထမပတ်ခန့်မှ စတင်၍ မန္တလေးမြို့ အိမ်၊ ခြံ၊ မြေ ဈေးကွက် အရောင်းအဝယ် စဖြစ်လာပြီး ဇူလိုင်လ ပထမပတ်ခန့် တွင် ဈေးကွက် ပြန်လည် ကောင်းမွန်လာကြောင်း၊ အိမ်၊ ခြံ၊ မြေ ဈေးကွက် အရောင်းအဝယ် ငြိမ်သက်ခဲ့သည့် မေလကထက် ဇွန်လမှ ဇူလိုင်လ ပထမပတ်အတွင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ ၁၀ ရာခိုင်နှုန်းခန့် မြင့်တက် လာခဲ့ကြောင်း မန္တလေးမြို့ ထွန်းသစ္စာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းမှ ဦးတင်မောင်က ပြောဆိုသည်။
မန္တလေး မြို့တွင်း၊ မြို့သစ်နှင့် မြို့ပြင် နေရာများအထိ နေရာ အားလုံးနီးပါး တွင် ယခုလ၌ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဝယ်လက်များမှာ မြေကျယ် များအား အဝယ်များကြကြောင်း ဦးတင်မောင်က ဆိုသည်။
မန္တလေး မြို့တွင်း၌ ကျပ် သိန်း လေးသောင်း၊ ငါးသောင်း ဝန်းကျင်ခန့် အိမ်၊ ခြံ၊ မြေ အကျယ်များ အရောင်းအဝယ် ဖြစ်ကြောင်း၊ မဟာအောင်မြေမြို့နယ် မဟာမြိုင်ရပ်ကွက်၌ ကြားကွက် တစ်ကွက်လျှင် ကျပ် သိန်း၂၀၀၀မှ ၂၅၀၀ အထိ ပေါက်ပြီး လမ်းမတန်းရှိ မြေ တစ်ကွက်လျှင် သိန်း ၄၀၀၀ အထိ ပေါက်ကြောင်း၊ ချမ်းမြသာစည်မြို့နယ် သိပ္ပံလမ်းအနီး အကွက် အမှတ် (ဏ၊ တ) များ အရောင်းသွက်ကြောင်း ယင်းအကွက်များမှာ ကျပ် သိန်း ၄၀၀၀ ခန့်အထိ ပေါက်ကြောင်း၊ မဟာအောင်မြေမြို့နယ် ရဲမွန်တောင် ရပ်ကွက်၌ ကြားကွက် တစ်ကွက်လျှင် ကျပ်သိန်း ၈၀၀မှ သိန်း ၁၀၀၀အထိ ပေါက်ပြီး လမ်းမပေါ်ရှိ တစ်ကွက်လျှင် သိန်း ၈၀၀မှ သိန်း ၁၀၀၀အထိ ပေါက်ကြောင်း ဇူလိုင်လ ၇ ရက်နေ့ ပေါက်ဈေးအရ ဦးတင်မောင်က ပြောကြားသည်။
မန္တလေးမြို့သစ် ပြည်ကြီးတံခွန်မြို့နယ် ကျန်စစ်သား လမ်းမကြီးပေါ်၌ တစ်ကွက်လျှင် သိန်း ၁၅၀၀မှ ၂၀၀၀ အထိ ပေါက်ကြောင်း၊ ပြည်ကြီးတံခွန် မြို့နယ် ကျွဲဆည်ကန် ကားဝင်းအနီး ၆၉ လမ်းတွင် သိန်း ၁၀၀၀မှ ၁၃၀၀အထိ ပေါက်ကြောင်း ဇူလိုင်လ ၇ ရက်နေ့ ပေါက်ဈေးအရ ဒေါ်ချိုက ဆိုသည်။
ကျောက်စိမ်း ကျောက်မျက်ပြပွဲ၌ ပြည်ပမှ တရုတ် ကုန်သည်ပေါင်း ၄၅၀၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး ယခင်နှစ် ပြပွဲ၌ ပြည်ပမှ တရုတ် ကုန်သည်ပေါင်း ၃၅၀၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း၊ ကျောက်စိမ်း ကျောက်မျက်ပြပွဲ အား နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မဏိပူရခန်းမတွင် ဇွန်လ ၁၅ ရက်မှ ဇွန်လ ၂၇ ရက်နေ့အထိ ကျင်းပခဲ့သည်။
Ref : The Voice Weekly
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ