By The Myanmar Times, Shweproperty.com
Updated at 21 September 2017
မန္တလေးမြို့ရဲ့ အိမ်ခြံမြေအငှားဈေးကွက်ဟာ လတ်တလောမှာ ဝါကျွတ်ကာလ နီးကပ်လာတာနဲ့အမျှ အငှားသွက်နေပြီး ခေါ်ဈေးတွေကောင်းနေကြောင်း မြို့ခံအကျိုးဆောင်တချို့က ပြောပါတယ်။
လက်ရှိအနေအထားမှာ မြို့တွင်းမြို့ပြင်အိမ်ခြံမြေ ခေါ်ဈေးနှုန်းထားတွေဟာ အကွက်အကွင်းနဲ့ နေရာကောင်းရင် ကောင်းသလိုငှားရမ်းသူစိတ်ကြိုက် ဈေးဆွဲခေါ်ယူနိုင်တဲ့အခြေအနေမှာ ရှိနေပါတယ်။ မြို့တွင်းမှာအဓိက မိန်းလမ်းပေါ်မတင်ဘဲ လမ်းသွယ်တွေထဲမှာတောင် အောက်ထစ်တစ်လကို ကျပ်ခြောက်သိန်းပတ်ချာလည် ခေါ်ဈေးရှိနေပြီး လုပ်ငန်းလုပ်လို့မရနိုင်ဘဲ နေထိုင်လို့ဖြစ်ရုံအနေအထားပဲ ရနိုင်ပါလိမ့်မယ်။
ဝါကျွတ်ကာလနီးကပ်လာတဲ့ ထုံးစံအတိုင်းပဲ အငှားဈေးကွက်က သွက်လာပြီးငှားရမ်းလိုသူတွေအနေနဲ့ ကိုယ်နဲ့သင့်တော်တဲ့ဈေးနှုန်းတန်း၊ အိမ်အနေအထားနဲ့အကွက်အကွင်းမျိုးကိုတွေ့ရင် လက်မနှေးဖို့လိုအပ်တယ်လို့ အိမ်မြေအကျိုးဆောင်တချို့က ပြောပါတယ်။ မြို့တွင်းအငှားအတွက်ငွေပမာဏကို တစ်လကို ကျပ်ငါးသိန်းလောက်သာသုံးမယ်ဆိုရင် အဲဒီဈေးနှုန်းတန်းနဲ့ ရှာဖွေဖို့ဆိုတာဟာ တော်တော်ခက်ခဲနိုင်ပါတယ်။
မြို့တွင်းမှာ အဓိကကျတဲ့ လမ်းမတစ်ခုခုပေါ် တင်တာမျိုးဆိုရင် အဆောက်အအုံကောင်းမွန်မှုနဲ့ ကျယ်ဝန်းမှုအပေါ် မူတည်ပြီး တစ်လကို ပျမ်းမျှ ကျပ်သိန်း ၂ဝ ကနေ ကျပ်သိန်း ၅ဝ အထိဈေးခေါ်နေကြတာတွေလည်း ရှိပါတယ်။ အထူးသဖြင့် လုပ်ငန်းလုပ်ကိုင်လိုသူတွေအနေနဲ့ ဒီပမာဏကို သုံးပြီးငှားရမ်းတာတွေ ရှိနေတာကြောင့် အမြင့်တန်းပေါက်ဈေးတွေဟာ ဆက်လက်ခိုင်မာနေဦးမှာပါ။
အိမ်မြေအရောင်းအဝယ်ဈေးကွက်က ပြောပလောက်အောင် သွက်လက်ခြင်းမရှိသေးပေမဲ့ အိမ်အငှားဈေးနှုန်းတွေက တန့်နေခြင်းမရှိဘဲ တစ်နှစ်တစ်ဈေး ဖြစ်နေတာကြောင့် ငှားရမ်းလိုသူတွေအနေနဲ့ နှစ်ရှည်ငှားရမ်းဖို့အတွက် ကြိုးပမ်းကြရကြောင်း အကျိုးဆောင်တချို့က ပြောပါတယ်။ ငှားရမ်းမှုက ဈေးကွက်တောင်းဆိုမှု မပြတ်ရှိနေတာကြောင့် နှစ်ရှည်ငှားရမ်းတဲ့အခါ ဈေးနှုန်းကိုပထမနှစ်အတိုင်း တစ်ပြေးတည်းရရင် ကံကောင်းတယ်လို့ ဆိုကြရမှာပါ။ ဒါပေမဲ့အများစုကတော့ ပထမနှစ်ရဲ့ ငှားရမ်းခနှုန်းထားအပေါ်မှာ ရာခိုင်နှုန်းအလိုက်တိုးပြီး နောက်နှစ်တွေအတွက် ဈေးနှုန်းသတ်မှတ်ကြတာ များပြားပါတယ်။
အိမ်ငှားဈေးနှုန်းတွေက မြို့သစ်မှာဆိုရင်ပဲ သာမန်သွပ်မိုး၊ ထရံကာအနေအထားကိုတစ်လကို ကျပ် ၅ဝ,ဝဝဝ လောက်ရှိနေပြီး အိမ်အနေအထားက သပ်သပ်ရပ်ရပ်ဆိုရင် ကျပ်တစ်သိန်းလောက်ပေးရဖို့ ရှိနေပါတယ်။ တစ်နှစ်ပြီးရင် တစ်နှစ် ငှားရမ်းနေထိုင်ဖို့ အိမ်ရှာရတဲ့ ဒုက္ခ၊ အိမ်ငှားဈေးနှုန်းတွေ တရိပ်ရိပ်တက်လာတဲ့ အနေအထားတွေကြောင့် ကိုယ်တတ်နိုင်တဲ့အနေအထားနဲ့မြေကို အပိုင်ဝယ်ယူဖို့ အားထုတ်လာကြရာမှာကျပ်သိန်း ရာဂဏန်းရှိတဲ့ အိမ်မြေတွေက ဈေးနှုန်းအမြင့်တန်းအိမ်မြေတွေထက် အရောင်းအဝယ်ပိုလိုက်လာတာ ဖြစ်ပါတယ်။
အငှားဈေးတွေမြင့်ပြီး ဈေးကွက်တောင်းဆိုမှု မပြတ်ရှိတာကြောင့် မြို့တွင်း အိမ်ခြံမြေတွေအနေနဲ့ အရောင်းအဝယ် မသွက်ပေမဲ့ဈေးကွက်ကို သိပ်မှုစရာမလိုဘူးလို့ အကျိုးဆောင်တချို့က သုံးသပ်ကြပါတယ်။
Ref & Photo Credit : The Myanmar Times
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ