By Myanmar Property Journal, Shweproperty.com
Updated at 16 July 2013
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အကောင်အထည်ဖော် တည်ဆောက်မည့် တန်ဖိုးမျှတ အိမ် ရာစီမံကိန်း လေးခုအနက် တစ်ခု အပါအဝင်ဖြစ်သည့်ဗိုလ်မင်းရောင် အိမ်ရာစီမံကိန်းကို လူနေအိမ်ခန်းပေါင်း ရှစ်ရာဖြင့် စတင်တည်ဆောက်နေပြီဖြစ်ကြောင်း ‘ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီ’မှ သတင်း ရရှိသည်။
ဗိုလ်မင်းရောင် အိမ်ရာစီမံကိန်းကို ယခုလ ၁၀ ရက်က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယင်းစီမံကိန်းတွင် လူနေထိုင်နိုင်သည့် အိမ်ခန်းပေါင်း လေးခန်းပါဝင်သည့် ရှစ်ထပ် အဆောက်အအုံ အလုံးရေ ၂၅ လုံး ထည့်သွင်းတည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။
“မြို့တော်စည်ပင်က အကောင်အထည်ဖော်တဲ့ တန်ဖိုးမျှတအိမ်ရာစီမံကိန်း လေးခုမှာ ဗိုလ်မင်းရောင်က ဒုတိယအကြိမ် အကောင်အထည်ဖော်တာပါ၊ အခုက အောက်ခြေမြေရှင်းပြီး ကြမ်းခင်းကို စနေပါပြီ၊ အမြန်ဆုံး အကောင်အထည်ဖော် တည်ဆောက်နေပါတယ်”ဟု ‘ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)’မှ ဒုတိယဌာမှူး ဦးနေဝင်းက ပြောသည်။
အဆိုပါ စီမံကိန်းကို ပြည်တွင်း ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် အောင်မြင်တိုးတက် ကုမ္ပဏီ မှ မြို့တော်စည်ပင်နှင့် ပူးပေါင်း၍ PAE စနစ်ဖြင့် တည်ဆောက်လျက်ရှိကြောင်း၊ စီမံကိန်းတွင် ထည့်သွင်း တည်ဆောက်မည့် အဆောက်အအုံ အလုံးရေ ၂၅ လုံးအနက် အလုံးရေ ငါးလုံးတွင် အကျယ် စတုရန်းပေကိုး ရာရှိသည့် လူနေတိုက်ခန်းများ ပါဝင်မည်ဖြစ်ပြီး ကျန်ရှိသည့် အဆောက်အအုံ အလုံးရေ နှစ်ဆယ်တွင် စတုရန်းပေ ခြောက်ရာရှိသည့် လူနေအိမ်ခန်းများ ပါဝင်မည် ဖြစ်သည်။
ဗိုလ်မင်းရောင် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းကို မြောက်ဒဂုံမြို့နယ်၊ ဗိုလ်မင်းရောင်လမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်တွင် တည်ဆောက်မည်ဖြစ်ကြောင်း၊ စီမံကိန်း မြေနေရာအဖြစ် ၉.၂၆ ဧက သတ်မှတ်ထားပြီး ယင်းမြေနေရာတွင် လူနေအဆောက်အအုံများအပြင် ပန်းခြံများ၊ ကစားကွင်းများသာမက ကားအစီးရေ ရှစ်ရာ ရပ်နားနိုင်မည့် ယာဉ်ရပ်နားစခန်းများ ထည့်သွင်းတည်ဆောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
Ref : Myanmar Property Journal
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ