By Admin, Shweproperty.com
Updated at 11 May 2013
မိတ္ထီလာပဋိပက္ခဖြစ်စဉ် အတွင်းနေအိမ်မီးလောင်ပျက်စီးခဲ့သူများအတွက် အထပ်မြင့်တိုက်ခန်းများ ပြန်လည်ဆောက်လုပ်ပေးရန် စီစဉ်ထားပြီး ယခုလအတွင်း စတင်ဆောက်လုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘မြို့သစ်သဘောမျိုး ပြန်တည်ဆောက်ပေးမှာ။ သုံးထပ်၊ လေးထပ် အဆောက်အအုံတွေ ဆောက်ဖို့စီစဉ်ထားတယ်။ ဘယ်လိုအဆောက်အအုံဆောက်မယ်ဆိုတာတော့ အပြီးသတ်ဆုံးဖြတ်ချက်မချရသေးဘူး၊ ကျွန်တော်တို့ အစိုးရအဖွဲ့တွင်း ညှိနှိုင်းနေတယ်။ လမကုန်ခင် စဆောက်မှာပါ’ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ကြီးဦးကျော်ဆန်းက ပြောသည်။
ဒေသအချို့မှ မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်လို၍ အထပ်မြင့်အဆောက်အအုံများ မဆောက်လုပ်ဘဲ ၎င်းတို့၏ မူလနေရာတွင်ပင် တန်ဖိုးနည်းအဆောက်အအုံများ ဆောက်လုပ်ပေးရန် တင်ပြတောင်းဆိုမှုများလည်းရှိသည်ဟု ဦးကျော်ဆန်းကဆိုသည်။
“ပြန်ပေးတာတော့ သူတို့ရဲ့မူလရပ်ကွက်မှာပဲ ပြန်နေရာချပေးမှာပါ။ အခုဟာကတော့ မြို့သစ်တည်သလိုဖြစ်သွားမှာပေါ့”ဟု ဦးကျော်ဆန်းကပြောသည်။
ယခင် တဲအိမ်ငယ်အများစုနှင့် မီးသတ်ကားမဝင်နိုင်သော လမ်းကျဉ်းများသာရှိရာ ပြန်လည်တည်ဆောက်ချိန်တွင် ပေ (၅၀)၊ ပေ (၃၀) အကျယ်လမ်းများ၊ ဆေးခန်း၊ ဈေး၊ စာသင်ကျောင်း၊ ရဲစခန်းစသည်တို့ ပါဝင်မည်ဖြစ်ပြီး အထပ်မြင့် လူနေတိုက်ခန်း၊ ဈေးဆိုင်ခန်းနှင့် တွဲပါမည့် လူနေတိုက်ခန်းများ ဆောက်လုပ်ပေးမည်ဟု ဦးကျော်ဆန်းကဆိုသည်။
နေအိမ်မီးလောင်မျက်စီးဆုံးရှုံးမှုမရှိသည့် ဒုက္ခသည်အချို့အိမ်ပြန်သွားကြပြီဖြစ်သော်လည်း မီးလောင်ပျက်စီးမှုများသည့် ချမ်းအေးသာယာရပ်ကွက်မှ ဒုက္ခသည်အိမ်ထောက်စုငါးရာကျော်မှာ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေကြဆဲဖြစ်ကြောင်း သတင်းရရှိသည်။
ယနေ့အထိ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေသည့်မိသားစု ၅၂၀ ခန့် ရှိနေသေးကြောင်း လူနေတိုက်ခန်းပေါင်းတစ်ထောင့်သုံးရာကျော်၊ ဈေးဆိုင်ခန်းနှင့် တွဲလျက် လူနေတိုက်ခန်းတစ်ရာကျော် ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း၊ အလှူခံရရှိထားသည့်ငွေနှင့် အစိုးရဘတ်ဂျက်မှ ထုတ်ယူသုံးစွဲမည်ဖြစ်ပြီး အဆောက်အအုံများဆောက်လုပ်ရန် အလှူငွေလိုအပ်နေသေးပြီး သီးခြားငွေစာရင်း ဖွင့်လှစ်ကာ အလှှူခံနေကြောင်း ဦးကျော်ဆန်းက ပြောသည်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ