By Mizzimaburmese, Shweproperty.com
Updated at 17 March 2015
ခွင့်ပြုချက်မဲ့ အဆောက်အအုံနှင့် ခွင့်ပြုချက်ထက် ကျော်လွန်ဆောက်လုပ်သည့် အဆောက်အအုံများကို လူနေထိုင်ခွင့် (BCC ) နှင့် လျှပ်စစ်မီးပေးမည် မဟုတ်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) အရှေ့ပိုင်းခရိုင် အင်ဂျင်နီယာမှူး ဦးခွန်ထွန်းအောင်က ပြောသည်။ ”ဆောက်ခွင့် မရှိဘဲ ဆောက်ရင် BCC နဲ့ YESP ကနေ လျှပ်စစ်မီးချပေးတော့မှာ မဟုတ်ဘူး။ သင်္ဃန်းကျွန်းမှာ ပိုင်ဆိုင်မှုမမှန်ကန်တဲ့ က ရပ်ကွက်၊ င/ဃ ရပ်ကွက်တို့ အရေးယူခံရတာတွေများပါတယ်” ဟု ၎င်းက ပြောသည်။ သင်္ဃန်းကျွန်းမြို့နယ်ခန်းမတွင် မတ်လ ၁၂ ရက်က ပြုလုပ်သည့် သင်္ဃန်းကျွန်းမြို့နယ်၌် လိုင်စင်မရှိသည့် ကန်ထရိုက်လုပ်သူများက ခွင့်ပြုချက်မဲ့ဆောက်လုပ်ခဲ့သော အဆောက်အအုံများ ဆောက်လုပ်ခဲ့ပြီး BCC မရခြင်း၊ ပြီးစီးအောင် ဆက်လက်မဆောက်ခြင်းတို့နှင့် ပတ်သက်ပြီး သင်္ဃန်း ကျွန်းမြို့နယ်ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ သင်္ဃန်းကျွန်းမြို့နယ်တွင် ခွင့်ပြုချက်မဲ့ဆောက်လုပ်ထားပြီး တရားစွဲခံထားရသည့် အဆောက်အအုံ ၇၉၆ လုံး ရှိသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အရှေ့ပိုင်း ခရိုင်ကော်မတီဝင် ဒေါက်တာ စိုးထွန်းက ပြောသည်။ ”အဆောက်အအုံတွေကို သတ်မှတ်ထားတဲ့ အထပ်ထက်ပိုဆောက်လုပ်တာတွေ ရှိတယ်။ ကန်ထရိုက်လိုင်စင်နဲ့ ဆောက်တာ မဟုတ်တဲ့အတွက် တချို့ကန်ထရိုက်က ထွက်သွားတယ်။ အိမ်ရှင်က ကျန်ခဲ့တယ်”ဟု ၎င်းက ပြောသည်။ ခွင့်ပြုချက်ရရှိပြီးဖြစ်သော်လည်း ခွင့်ပြုထားသည်ထက် ကျော်လွန်ဆောက်လုပ်လျှင် ဒဏ်ကြေး အဖြစ် ယခင်က တစ်ပေပတ်လည်လျှင် ကျပ်၂,၂၅ဝ ရှိပြီး ယခုအခါတွင် တစ်ပေပတ်လည်ကို ကျပ် ၁၅,ဝဝဝ ဖြင့် ဒဏ်ကြေးတိုးမြှင့်ထားခြင်းဖြစ်သည်။ မြေရှင် ဦးမြင့်အောင်က ”ကန်ထရိုက်ပေးထားတယ်၊ ကန်ထရိုက်နဲ့လည်း အဆက်အသွယ် မရဘူးဖြစ်နေတယ်။ ဆက်ပြီးဆောက်နေတယ်။ အခန်းကြိုပွိုင့်ဝယ်ထားသူတွေနဲ့ ဆက်ပြီးဆောက်နေတယ်။ ဒဏ်ကြေးတွေကလည်း ဆောင်မှာပါ။ အရင်တုန်းက သတ်မှတ်ထားတဲ့နှုန်းထားမျိုးနဲ့ ပြန်လည်ပြီး စဉ်းစားပေးဖို့ မေတ္တာရပ်ခံတယ်။ တရားဝင်လည်းဖြစ်ချင်တယ်”ဟု ပြောသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ လိုင်စင်ကန်ထရိုက်တာ ပေးထားသူ ၁,ဝဝဝ ကျော် သာရှိသည်။ ဦးခွန်ထွန်းအောင် ”ဆောက်မယ်ကန်ထရိုက်တာက လိုင်စင်ရှိ၊ မရှိ စုံစမ်းစေချင်တယ်။ တရားဝင် လိုင်စင်ရှိမှသာလျှင် ကျွန်တော်တို့ ဌာနအနေနဲ့ အရေးယူဆောင်ရွက်လို့ရပါမယ်။ တရားဝင်လိုင်စင်မရှိသူကို အရေးယူဆောင်ရွက်ရမှာ ခက်တယ်။ မြေရှင်ကိုပဲ အရေးယူရတာဖြစ်တဲ့အတွက် မြေရှင်တွေ နစ်နာ နိုင်တယ်”ဟု ပြောသည်။ ရန်ကုန်မြို့လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့သို့ မီတာလျှောက်ထားပါက လူနေထိုင်ခွင့်(BCC) ခွင့်ပြုချက်ပါမှသာ ချထားပေးမည်ဖြစ်ပြီး သတ်မှတ်မီတာတန်ဖိုးပေးချေပြီး ရက်သတ္တပတ်အတွင်း မီတာ ချထားပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့(သင်္ဃန်းကျွန်းမြို့နယ်) အုပ်ချုပ်ရေးမှူး ဦးလှမြင့်က ဆိုသည်။
Ref : mizzimaburmese
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ