By Myanmar Times, Shweproperty.com
Updated at 27 August 2015
ရန်ကုန်မြို့ မဟာဗျူဟာစီမံကိန်း ၂၀၄၀ အရ တိုးချဲ့သွားမည့် ဦးစားပေးမြို့နယ်ခုမြို့နယ် အနက် ခြောက်ခုမြောက် မြို့နယ်ဖြစ်သော မှော်ဘီမြို့နယ်၏ အိမ်ခြံမြေဈေးကွက်မှာ လက်ရှိအချိန်တွင် အေးနေသေးကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
"မှော်ဘီမြို့နယ်မှာ မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်မယ်လို့ ကြားပေမယ့် မြေအရောင်းအဝယ်ကတော့ မရှိပါဘူး။ မှော်ဘီမြို့က မြေဈေးကွက်က ဝယ်ရောင်း လုပ်သူတွေ မျက်စိကျတဲ့ ဈေးကွက်တစ်ခု မဟုတ်ဘူး။ မှော်ဘီမှာ မြေတွေကိုတခြားမြို့တွေလို ဝယ်လိုက်၊ ရောင်းလိုက်လုပ်တာမျိုး တွေရှားတယ်"ဟု မှော်ဘီမြို့ဒေသခံတစ်ဦးဖြစ်သူ ဦးသီဟက ပြောသည်။
မှော်ဘီမြို့နယ်တွင် မြို့သစ်စီမံကိန်းအတွက် လူဦးရေ လေးသိန်းခန့် ထပ်တိုးနေထိုင်နိုင်စေရန် မြေ ၁၁,၅၉၄ ဧက ခန့်ကို တိုးချဲ့ မည်ဖြစ်ပြီး ကျပ် ၂၇၁ ဒသမ ၉၇ ဘီလျံ အသုံး ပြုမည်ဖြစ်သည်။ သို့သော် မှော်ဘီမြို့နယ်တွင် အခြေခံအဆောက်အအုံများ တည်ဆောက်ပေးမည့် မြို့သစ်စီမံ ကိန်းပြုလုပ်မည်ဟု ကြားသိရ သော်လည်း ယခုအချိန်ထိ မည်သည့်နေရာ တွင် အကောင် အထည်ဖော်မည်ကို အသေး စိတ် မသိရှိသေးကြောင်း ဒေသခံများက ပြောသည်။
"မြို့သစ် အကောင်အထည်ဖော်မယ်လို့ ကြားနေပေမယ့် အခုချိန်ထိ ဘယ်နေရာမှာ အကောင်အထည်ဖော်မယ်ကို သေချာမသိရသေးဘူး။ ဝါးနက်ချောင်းဘက်မှာ အကောင် အထည်ဖော်မယ်လို့ ကြားနေရတယ်။ ဘယ် နေရာမှာ အကောင်အထည်ဖော်မယ်ဆိုတာကို တစ်ယောက်တစ်မျိုးတွေ ပြောနေကြ တယ်။ သက်ဆိုင်ရာအစိုးရအဖွဲ့က နေရာကို အတိအကျ မကြေညာသေးပါဘူး။ မြို့ထဲမှာ လည်း ဘယ်နေရာမှာမှ လမ်းပြင်တာတွေ၊ အခြေခံအဆောက် အအုံ ဆောက်တာတွေ လည်း မတွေ့မိသေးပါဘူး"ဟု ဒေသခံတစ်ဦး က ပြောသည်။ မြို့သစ် စီမံကိန်း အကောင်အထည်မဖော်မီ မည်သည့်နေရာတွင် အကောင်အထည်ဖော်မည်ကို ကြိုတင်မသိရှိရခြင်းက မြေဈေးတစ်ဟုန်ထိုး တက်ခြင်းများကို ကာ ကွယ်ပေးနိုင်ပြီး ဝယ်ရောင်း လုပ်သူများ ဈေးကစားခြင်းကိုလည်း ကာကွယ်ပေးနိုင် ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။ "မှော်ဘီမြို့မှာ မြို့သစ်စီမံကိန်းအရ တိုးချဲ့ မယ့်မြေနေရာကို အခုလို ကြိုမသိနိုင်တာက ဈေးကစားမှုတွေကို မဖြစ်နိုင်အောင် ကာ ကွယ်ပေးနိုင်ပါတယ်။ တကယ်လို့ မြေနေရာကိုသာ အတိအကျကြိုသိနေရရင် အဲဒီနေရာ မှာ စီမံကိန်း အကောင်အထည်မဖော်မီ မြေဈေးကစားတာတွေ ပဲ ဖြစ်လာလိမ့် မယ်။ ဈေးကစားတာတွေ မဖြစ်အောင်လို့ စီမံကိန်းလုပ်မယ့်နေရာကို ကြိုမသိရတာ ကောင်းပါတယ်။ ဒါပေမဲ့ စီမံကိန်းကို အကောင်အထည်ဖော်ဖို့ပဲ လိုအပ်ပါတယ်" ဟု မြို့ခံအိမ်ခြံမြေအကျိုးဆောင် ဦးစိန်အေး က ပြောသည်။
မှော်ဘီမြို့၏ မြို့ပြ ဖွဲ့စည်းပုံအရ မြို့တွင်း ၌ မြေကွက်ကျယ်များသာ အများဆုံးရှိခဲ့ပြီး မြေကွက်သေး များမှာ လူနေထူထပ်သည့် မှော်ဘီမြို့ လယ်တွင်သာ ရှိသည်။ သို့သော် လူနေထူထပ်လာသည့် နောက်ပိုင်းတွင် မှော်ဘီမြို့စွန်နေရာများ၌ အသေးစား၊ အလတ်စား စီးပွားရေးနှင့် စက်မှုလုပ်ငန်း များ လုပ်ကိုင်လာကြသည့် ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း မြေကွက်ကျယ်များကို စိတ်ပိုင်း ရောင်းချလာကြောင်း မှော်ဘီမြို့တွင် နေထိုင် သူ ဒေသခံတစ်ဦးက ပြောသည်။ "နောက်ပိုင်းမှာ ဓာတ်ဆီဆိုင်တို့၊ အထည် ချုပ်လုပ်ငန်းတို့ ကျွန်တော်တို့ မှော်ဘီဘက်မှာ လုပ်လာကြတော့ ကားလမ်းမဘေးကမြေတွေ က အရောင်းအဝယ်ဖြစ်လာတယ်။ ဒီကမြေတော်တော်များများက မြေဧကကျယ်တွေဆိုတော့ ပိုင်ရှင်တွေက ပိုင်းပြီး ရောင်းကြတာ တဖြည်းဖြည်းနဲ့ မြေကွက်တွေကကျဉ်းလာတယ်။ အခု မြေဧကကျယ်ဆိုလို့ လက်ချိုးရေလို့ ရသလောက်ပဲ ကျန်တော့တယ်။ အဲဒါတွေ လည်း ရောင်းကြတော့မှာ" ဟု မှော်ဘီမြို့နယ် ပြည်လမ်းမပေါ်တွင် နေထိုင်သည့် ဒေသခံ တစ်ဦးဖြစ်သူ ဒေါ်ဆွေခင်က ပြောသည်။
ထို့ပြင် မှော်ဘီမြို့ရှိ မြေအများစုသည် ဥယျာဉ်ခြံမြေများသာဖြစ်ပြီး ပါမစ်မြေများမှာမူ မြို့တွင်း ရပ်ကွက်များ၌သာရှိပြီး မြေဧက ကျယ်များတွင် လုပ်ငန်းလုပ်ကိုင်လိုသူများမှာ ပါမစ်မြေသို့ ပြောင်းလဲရကြောင်း ၎င်းက ပြောသည်။
မှော်ဘီမြို့၏ အိမ်ခြံမြေ ဈေးနှုန်းများ မှာလည်း ပါမစ်မြေနှင့် ဥယျာဉ်ခြံမြေပေါ်မူတည်ကာ ဈေးနှုန်းများ ကွာခြားကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။ ပါမစ်ရှိသည့် မြေမှာ ပါမစ်မရှိသည့် မြေထက် ခြောက်ဆခန့် ပိုမြင့်မားကြောင်း ရွှေကံမြေ အိမ်ခြံမြေအကျိုးဆောင် ဦးခင်မောင်အေးက ပြောသည်။ "မှော်ဘီမှာက မြို့တည်ကတည်းက ဥယျာဉ်မြေတွေက ပိုများတော့ အိမ်ခြံမြေ ဈေးကလည်း အဲဒီအပေါ်မှာ သွားကွာသွား တယ်။ ပါမစ်ရှိတဲ့ မြေတွေလည်း မြို့ထဲမှာ ရှိပေမယ့် မြို့စွန်ဘက်မှာအများစုက ဥယျာဉ်ခြံ မြေတွေဖြစ်တော့ တကယ်လို့ ပါမစ်ရပြီး သား မြေဆိုရင် ဈေးပိုတောင်းကြတယ်။ ပါမစ်မရှိတဲ့ မြေက တစ်ဧကကို ကျပ်သိန်း ၅၀၀ လောက်ပေါက်တဲ့ အချိန်မှာ ပါမစ်မြေက တစ်ဧကကို ကျပ်သိန်း ၃,၀၀၀ လောက်ဈေးခေါ်ကြတယ်" ဟု ၎င်းကပြောသည်။ လက်ရှိတွင် မှော်ဘီမြို့၏ အိမ်ခြံမြေ ဈေးကွက်သည်လည်း ရန်ကုန်မြို့၏ ဈေးကွက် ငြိမ်သက်မှုကြောင့် ဈေးကွက်အေးလျက်ရှိပြီး ဈေးနှုန်းများမှာမူ လွန်ခဲ့သည့် နှစ်နှစ်ကျော် ခန့်က မြင့်တက်ခဲ့သည့် အမြင့်ဆုံးဈေးများဖြင့်သာ ဆက်လက်ရှိနေကြောင်း အကျိုးဆောင် များက ပြောသည်။ ရန်ကုန်မြို့၏ အနောက်မြောက်ဘက် အစွန်းတွင် တည်ရှိသော မှော်ဘီမြို့နယ်သည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်နေသော် လည်း ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျနေသေးသည်။ မှော်ဘီမြို့နယ်တွင် ရန်ကုန်မြို့၏ အငွေ့ အသက် နည်းပါးကာ အထပ်မြင့်အဆောက်အအုံများလည်း မရှိသေးပေ။ "မှော်ဘီမြို့မှာ အထပ်မြင့် အဆောက်အအုံဆိုလို့ မှော်ဘီဈေးရှေ့က ခြောက်ထပ် တိုက်နှစ်လုံးက အမြင့်ဆုံးပဲ။ နောက်ထပ် ဒီထက်မြင့်တဲ့ တိုက်ရော၊ ဒီလောက်မြင့်တဲ့ တိုက်ရော မရှိသေးဘူး။ အများစုက တစ်ထပ် အိမ်လေးတွေပါပဲ။ အဆင့်မြင့်မြင့် ဆောက်ထားတဲ့ အိမ်တွေလည်း ရှိတော့ရှိပါတယ်"ဟု ဦးသီဟက ပြောသည်။ မှော်ဘီမြို့သည် အခြားသောမြို့သစ် များထက် ဆောလျင်စွာ တည်ထောင် ခဲ့သော မြို့တစ်မြို့ဖြစ်သော်လည်း ဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းပေါမှု၊ စည်ကားမှုနှင့်မြေဈေးများမှာ မြို့သစ်များ ဖြစ် သော ဒဂုံမြို့သစ်လေးမြို့နယ်သာမက သန်လျင်မြို့နယ်ထက်ပင် နိမ့်ကျနေသေးကြောင်း ဝါရင့်အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။
"မှော်ဘီမြို့က တည်ထောင်တာ ကြာနေ ပေမယ့် ရန်ကုန်ဧရိယာနဲ့ ဝေးကွာလွန်းနေတဲ့အတွက် မတိုးတက်ဘူး။ မှော်ဘီ ပတ်ဝန်းကျင်မှာ အောင်မြင်နေတဲ့ စက်မှုဇုန် စီမံကိန်းတွေမျိုးလည်း မရှိဘူး။ မှော်ဘီမှာ လူသိများတာဆိုလို့ နည်းပညာတက္ကသိုလ် တစ်ခုပဲ ရှိတယ်။ တက္ကသိုလ်ကလည်း ကျောင်းသားတွေ အလာများပြီး စည်နေပေမယ့် စက်မှုဇုန်စီမံကိန်းတွေလို အလုပ်အကိုင်အခွင့် အလမ်း မကောင်းဘူး" ဟု ဦးစိန်အေးက ပြောသည်။ ရန်ကုန်မြို့နှင့် ကီလိုမီတာ ၄၀ ကျော် အကွာတွင် ရှိသည့် မှော်ဘီမြို့၏အိမ်ခြံမြေ ဈေးကွက်သည် ရန်ကုန်တွင်းရှိ အခြား မြို့နယ်များကဲ့သို့ အိမ်ခြံမြေလုပ်ငန်းခေတ် ကောင်းနေသည့် အချိန်တွင်မူ သိသာ ထင်ရှားစွာ လှုပ်ခတ်မှု မရှိခဲ့သော် လည်း ဈေးနှုန်းများမှာ ကာလပေါက်ဈေးများ မြင့်တက်ခဲ့သလို အမြင့်ဘက်သို့ အနည်းငယ် ပြောင်းလဲခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် လျှပ်စစ်မီးစတင်ရရှိ ခဲ့ပြီး ရေတွင်းတူးလျှင်ပင် ရေကြည်ရေသန့် ရသော မှော်ဘီမြို့နယ်တွင် အခြေချနေထိုင်သူများ ပိုမိုများပြားလာသော် လည်း မှော်ဘီမြို့၏ မြေဈေးများမှာ ခိုင်မာမှု အားနည်းနေသေးသည်။ "မှော်ဘီမှာ မြေဈေးတွေက ပါးစပ်ခေါ် ဈေးတွေ ဖြစ်နေတယ်။ ဘယ်လောက် ပေါက်ဈေးရှိတယ်ဆိုတာ မသိကြဘဲ ဘိုးဘွားပိုင်မြေတွေဆိုတော့ ရောင်းချင်တဲ့ ဈေးနဲ့ အဆင်ပြေသလို ရောင်းနေကြ တယ်။ တက္ကသိုလ်နားမှာ တစ်ဧကအကျယ် ရှိတဲ့ ခြံတစ်ခြံကို ကျပ်သိန်း ၁,၅၀၀ လို့ ဈေးခေါ်နေပေမယ့် သူနဲ့ ငါးမိနစ်လောက် ကားမောင်းရင် ရောက်တဲ့နေရာက ခြံက သိန်းတစ်သောင်းကျော်လောက်ဈေးခေါ် တယ်။ ပါးစပ်ထဲရှိတဲ့ဈေးတွေ ဖြစ်နေတယ်။ မှော်ဘီဈေးနားက လူစည်ကားတဲ့ နေရာမှာ စတုရန်းပေ ၂,၄၀၀ ရှိတဲ့ ခြံတွေ ကတော့ သိန်း ၃၀၀ ကနေ ၅၀၀ ကြား ဈေးရှိတယ်"ဟု အိမ်ခြံမြေအကျိုးဆောင် တစ်ဦးက ပြောသည်။
မှော်ဘီမြို့နယ်သည် ရန်ကုန်မြို့၌ အိမ်ခြံမြေဈေးကွက် ခေတ်ကောင်သည့် အချိန်တွင် အခြား ရန်ကုန်မြို့၏ မြို့စွန် များဖြစ်သည့် ဒဂုံမြို့သစ် လေးမြို့နှင့် သန်လျင်၊ သာကေတတို့နှင့် ယှဉ်ပါက ဝယ်ယူရင်းနှီးမြှုပ်နှံမှုကို နည်းပါးပြီး စီးပွားရေးလုပ်ငန်းနှင့် ပြောင်းရွှေ့နေထိုင် သူများ၏ ဈေးကွက်က ပိုများလျက်ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။ "အခုက ရန်ကုန်တစ်မြို့လုံးက ဈေးကွက်အေးနေတဲ့ အချိန်မှာ မြို့သစ်တွေ၊ စီမံကိန်းနေရာတွေကလည်း အများကြီး ပေါ်လာတော့ ရင်းနှီးမြှုပ်နှံတဲ့သူတွေ၊ အရောင်းအဝယ် လုပ်တဲ့သူတွေကလည်း မလိုက်နိုင်ကြတော့ဘူး။ ပြီးတော့ ဈေးတွေ ကလည်း အမြင့်ဆုံးဈေးတွေ ရောက်ပြီး ပြန်မကျဘဲ ဒီအတိုင်းရောင်းကြတော့ အရောင်းအဝယ်ဖြစ်ဖို့ဆိုတာ အရင်လောက် မလွယ်တော့ဘူး။ ရင်းနှီးမြှုပ်နှံမယ့် သူတွေကလည်း လို သလောက်မစိုက်ထုတ်နိုင်တော့ဘူး" ဟု ဦးခင်မောင်အေးက ပြောသည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ