By Ra Wai, Shweproperty.com
Updated at 1 August 2020
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၀/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် (၁၀) ဦး တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဆောင်ရွက်ဆဲလုပ်ငန်း (၇) ခုမှ မတည်ငွေရင်း တိုးမြှင့်ခြင်း အပါအဝင် စက်မှုကဏ္ဍ၊ အိမ်ရာအဆောက်အဦကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့မှ လုပ်ငန်းအသစ် (၇) ခုကို ခွင့်ပြုခဲ့သည်။ အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ (၄၆၂ ဒသမ ၆၉၃) သန်းနှင့် ငွေကျပ် (၇၃,၂၀၆ ဒသမ ၅)သန်းရှိပြီး ပြည်တွင်းလုပ်သား များအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၃,၆၆၂) နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။
ယနေ့အစည်းအဝေးတွင် ခွင့်ပြုခဲ့သည့် လုပ်ငန်းများအနက် စင်ကာပူနိုင်ငံ Sembcorp CSSD Myanmar co., Ltd. ၏ ရင်းနှီးမြှုပ်နှံမှုပါဝင်သည့် အမေရိကန်ဒေါ်လာ (၂၃၀ ဒသမ ၆၀) သန်း တန်ဖိုးရှိ လှည်းကူးစက်မှုဉယျာဉ်မြို့တော်စီမံကိန်းနှင့် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း(၁၈၀) ရင်းနှီးမြှုပ်နှံမည့် လုပ်သားအင်အား (၂,၃၀၀) ကျော် ဖန်တီးပေးနိုင်သော AEON Large Scale Shopping Mall လုပ်ငန်းတို့ ပါဝင်သည်။
ကိုဗစ်-၁၉ ကြောင့် စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုများ ရှိသော်လည်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများသာမက ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများလည်း တိုးတက်လျက်ရှိသည်။ ထို့အပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ လက်ခံရရှိထားသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကိုလည်း ဆောလျင်စွာ စိစစ်ခွင့်ပြုပေးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိသည်။
၂၀၂၀ ပြည့်နှစ် ဇွန်လကုန်အထိ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံ/ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။ နိုင်ငံ/ ဒေသပေါင်း (၅၁)ခုမှ စီးပွားရေးကဏ္ဍ (၁၂) ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီး မြှုပ်နှံမှု၏ (၂၆ ဒသမ ၅၂ရာခိုင်နှုန်း) ဖြင့်လည်းကောင်း၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၆ ဒသမ ၄၄ရာခိုင်နှုန်း) ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၁၄ ဒသမ ၂၈ရာခိုင်နှုန်း) ဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားသည်။
Credit : Ministry Of Information
Posted By: Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ