By EMG, Shweproperty.com
Updated at 20 October 2013
ဖိလစ်ပိုင် အခြေစိုက် Microtel ကော်ပိုရေးရှင်းက မြန်မာနိုင်ငံ၏ ဟိုတယ်၊ အိမ်ခြံမြေနှင့် ပညာရေး ဝန်ဆောင်မှု လုပ်ငန်းများတွင် ဝင်ရောက်မြှုပ်နှံ လုပ်ကိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အဆိုပါ ကဏ္ဍများနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန်အတွက် Microtel Development ကော်ပိုရေးရှင်းမှ ဥက္ကဋ္ဌဖြစ်သူ Mr. Jose Mari del Rosario က နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနသို့ လာရောက်၍ လုပ်ထုံးလုပ်နည်းများ၊ လုပ်ကိုင်ခွင့် အခွင့်အလမ်းများနှင့် ဥပဒေများ အကြောင်းကို လာရောက်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
Microtel ကော်ပိုရေးရှင်း အနေဖြင့် ဟိုတယ်လုပ်ငန်းကို အဓိက လုပ်ကိုင်နေခြင်းဖြစ်ပြီး ဖိလစ်ပိုင်၊ အမေရိကန်၊ ကနေဒါ၊ မက္ကဆီကို နိုင်ငံများ အပါအဝင် နိုင်ငံတကာတွင် ဟိုတယ်အလုံးပေါင်း ၃၀၀ ကျော်အား တည်ဆောက်ကာ လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွား ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅၉၀ သန်းကျော်ရှိပြီး အိမ်ခြံမြေ ကဏ္ဍတွင်မူ အမေရိကန်ဒေါ်လာ ၁၉၃ သန်းကျော်ရှိကြောင်း သိရသည်။
၂၀၁၃ ခုနှစ်အတွင်း၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ စင်ကာပူနှင့် မြန်မာကုမ္ပဏီ တစ်ခုတို့က BOT စနစ်ဖြင့် မြေငှားရမ်း၍ ဟိုတယ်အပါအဝင် အဆောက်အအုံများ တည်ဆောက်ငှားရမ်းခြင်း လုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၌ လုပ်ကိုင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို ၂၀၁၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီးနောက် နိုင်ငံတကာမှ လုပ်ငန်းရှင်များ အနေဖြင့် ကဏ္ဍစုံတွင် ဝင်ရောက်မြှုပ်နှံရန် ပြင်ဆင်လာကြခြင်းဖြစ်ပြီး လက်ရှိတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်အရ ကုန်ထုတ်လုပ်ငန်း အများစုတွင် ဝင်ရောက်မြှုပ်နှံမှု များနေကြောင်း သိရသည်။
ထို့အတူ အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံကြီးများ အနေဖြင့် အာမခံလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းနှင့် ခရီးသွား လုပ်ငန်းများအတွက် ရုံးခွဲများ လာရောက်ဖွင့်လှစ်ရန် စီစဉ်လျက်ရှိပြီး အများစုမှာ ဖွင့်လှစ်ခွင့် ပေးထားပြီးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
Ref : EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ