By Myanmar Builders Guide, Shweproperty.com
Updated at 29 August 2019
အိမ်ရာနှစ်ရှည် ချေးငွေဈေးကွက်ကြောင့် အလယ်အလတ်နှင့်ဝင်ငွေနည်းပြည်သူများအိမ်ရာပိုင်ဆိုင်နိုင်ကြောင်း သြဂုတ် ၂၄ ရက်၌ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ယုဇနအိမ်ရာအဆောက်အအုံ အမှတ် (၂၈) တွင်ကျင်းပသည့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် ဒဂုံဆိပ်ကမ်းဘဏ်ခွဲဖွင့်ပွဲ အခမ်းအနား၌ ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီးဦးဟန်ဇော်က ပြောဆိုထားသည်။
ပြည်ထောင်စုဝန်ကြီးက ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်မည့် တန်ဖိုးနည်း၊ တန်ဖိုးသင့်နှင့် တန်ဖိုးမြင့်အိမ်ရာ စီမံကိန်းတိုက်ခန်းများ ဝယ်ယူသူများ ကို ချေးငွေထုတ်ချေးပေးလျက်ရှိပြီး တန်ဖိုးနည်း အိမ်ရာစီမံကိန်းများဖြစ်သည့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ယုဇနအိမ်ရာ အပိုင်း(၁)၊ (၂)နှင့် ကနောင်အိမ်ရာ၊လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်းအိမ်ရာ အပိုင်း(၂)နှင့်(၃)၊တန် ဖိုးသင့်အိမ်ရာစီမံကိန်းဖြစ်သော လှိုင်သာယာမြို့နယ် ရှိ ကျန်စစ်မင်းနှင့်ထီးလှိုင်ရှင် အိမ်ရာစီမံကိန်းတို့ကိုရောင်းချ ပေးနေကြောင်း၊ ရန်ကုန် နှင့် မန္တလေးမြို့ အနီးတစ်ဝိုက်တွင် ဆောင်ရွက်နေသည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများသာမက အနာဂတ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောင်ရွက်ရန် စီစဉ်လျက်ရှိသည့် နိုင်ငံတစ်ဝန်းလုံးရှိ တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကိုပါ ထုတ်ချေးပေးသွားရန်လည်း စီမံထားရှိကြောင်း၊ ယင်းကဲ့သို့ ထုတ်ချေးပေး ခြင်းဖြင့် အိမ်ရာကဏ္ဍအတွက် အိမ်ရာနှစ်ရှည်ချေးငွေဈေးကွက်ပေါ်ထွန်းလာပြီး ဝင်ငွေအလယ်အလတ်ရှိသူ များနှင့် ဝင်ငွေ နည်းပြည်သူများစွာ အိမ်ရာပိုင်ဆိုင်ခွင့်ရရှိလာနိုင်မည်ဖြစ်ကြောင်း ပြောဆိုထားသည်။
ဆက်လက်ပြီး ဝန်ကြီးက ဝင်ငွေနည်းပြည်သူများအနေဖြင့် တန်ဖိုးနည်းအိမ်ရာများ ပိုင်ဆိုင်ခွင့်ရရှိရန် အတွက် သတ်မှတ်ထားသည့် ကြိုတင်ငွေများပေးသွင်းနိုင်ကြရန် CHID ဘဏ်တွင် Housing Saving များလာရောက် စုဆောင်းထားကြရန်တိုက်တွန်းလိုကြောင်း၊ CHID ဘဏ်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားငွေရောင်းဝယ် ဖောက်ကားခွင့်လိုင်စင်ရရှိထားသည့်အတွက် အပြည်ပြည်ဆိုင်ရာ ဘဏ်လုပ်ငန်းများဖြစ်သည့် နိုင်ငံခြားငွေ လဲလှယ်ခြင်း၊ နိုင်ငံခြားငွေစာရင်းရှင်များ ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ အပြည်ပြည်ဆိုင်ရာကူးသန်းရောင်းဝယ်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ငွေလွှဲစာတမ်းများ ဖွင့်လှစ်လက်ခံခြင်း၊TT စနစ် ဖြင့် အပြည်ပြည်ဆိုင်ရာသို့ ငွေလွှဲပေးခြင်း၊LC (Letter of Credit)၊BG (Bank Guarantee)၊ လေလံအာမခံ (Bid Bond Guarantee) နှင့် လုပ်ငန်းဆောင်ရွက်မှုအာမခံ (Performance Guarantee) များကိုလည်း နိုင်ငံခြားဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောဆိုထားသည်။
CHID ဘဏ်သည် Development Bank ဖြစ်သည့်အလျောက် နှစ်ရှည်ချေးငွေများဖြင့် အိမ်ရာချေးငွေ စနစ်နှင့်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးချေးငွေများအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါကြောင်း၊ဝင်ငွေနည်းပြည်သူများ အိမ်ရာပိုင်ဆိုင်ခွင့်ရရှိစေရေးအတွက် အိမ်ရာများကို ဂျပန်နိုင်ငံ ODA Loan(Tow-step Loan) အစီအစဉ်အရ အတိုးနှုန်းသက်သာသော နှစ်ရှည်အိမ်ရာချေးငွေဖြင့် JICA, ODA Loan Criteria နှင့် ကိုက်ညီသော အိမ်ရာများအတွက် Housing Mortgage Loan များ ချေးပေးနေပြီဖြစ်ကြောင်းပြောထားသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ