By Eleven Media Group, Shweproperty.com
Updated at 7 September 2015
ရန်ကုန်မြို့၏ဒုတိယဗဟိုစီးပွားရေးဇုန်အဖြစ် ဖောင်ဆောင်မည့် မင်းဓမ္မစီးပွားရေးဇုန်ဧရိယာအတွင်း ပါဝင်သည်ဟုဆိုသော မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မင်းဓမ္မပန်းကွင်းမှ ဆိုင်ခန်း ၂၅၀ ခန့် မင်္ဂလာဒုံမြို့နယ် ပတ္တမြားသို့စက်တင်ဘာလကုန်တွင်အပြီးပြောင်းရွှေ့ ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မင်းဓမ္မပန်းကွင်းမှာ မင်းဓမ္မဒုတိယ ဗဟိုစီးပွားရေးဇုန်ဖော်ဆောင်မည့် ဧရိယာအတွင်း ပါဝင်နေ၍ ပန်းကွင်းမှ ဆိုင်ခန်းများအား ပြောင်းရွှေ့ပေးရန် ၂၀၁၂ခုနှစ်ကတည်းကရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကညွှန်ကြားခဲ့ကြောင်း၎င်းဆိုင်ခန်းများအား နေရာအစားအဖြစ်သာကေတမြို့နယ် ယမုံနာလမ်းနံဘေးတွင် ပြန်ပေးခဲ့သော်လည်း ယင်းနေရာမှာ အဆင်မပြေခြင်းကြောင့် အနည်းစုသာ ပြောင်းရွှေ့ထားပြီး ဆိုင်ခန်း ၂၅၀ ခန့် မပြောင်းရွှေ့ဘဲ ကျန်ရှိခဲ့ကြောင်း သိရသည်။
ဆိုင်ရှင်များ မပြောင်းရွှေ့၍ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် သြဂုတ် ၂ ရက် ညအချိန်တွင် စည်ပင်က အင်အားသုံး ဖယ်ရှားသဖြင့် နှစ်ဦးနှစ်ဖက် ဒဏ်ရာများရရှိခဲ့ကြောင်း၊ ထို့နောက် ယခုနှစ် ဇန်နဝါရီလဆန်းတွင် ဆိုင်ခန်းများအား တစ်လအတွင်း ပြောင်းရွှေ့ဖယ်ရှားပေးရန်နှင့် ဖယ်ရှားခြင်းမပြုပါက စည်ပင်ဥပဒေအရ ဖယ်ရှားရှင်းလင်းရေးအဖွဲ့ဖြင့် ဖယ်ရှားမည်ဟု စည်ပင်က အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။
ထို့နောက် ဇန်နဝါရီ ၂၀ ရက်တွင် ဆိုင်ခန်းပိုင်ရှင်များက စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်ကာ ဖယ်ရှားရှင်းလင်းခြင်း မပြုလုပ်မီ တွေ့ဆုံဆွေးနွေးမှုလုပ်ပေးရန် တောင်းဆို ခဲ့ကြခြင်းကြောင့် ယင်းနောက်ပိုင်း တွေ့ဆုံညှိနှိုင်းခဲ့ရာ ဆိုင်ခန်းပိုင်ရှင်များဘက်က ယခုပြောင်းရွှေ့ရမည့် မင်္ဂလာဒုံမြို့နယ်ပတ္တမြားအပါအဝင် နေရာငါးခုကို တောင်းဆိုခဲ့ကြခြင်းဖြစ်ရာ ယခုနေရာကို နှစ်ဦးနှစ်ဖက် သဘောတူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အစ်မတို့အားလုံး ညှိပြီး မင်္ဂလာဒုံပတ္တမြားကိုပြောင်းဖို့ သဘောတူခဲ့တာပါ။ အဲဒီမှာတော့ ကိုယ်ပိုင်မြေအနေနဲ့ ဝယ်ခဲ့တာပါ။ အခုလက်ရှိ မင်းဓမ္မမြေကတော့ စည်ပင်ပိုင်မြေပါ”ဟု မင်းဓမ္မပန်းကွင်းမှ ဆိုင်ခန်းပိုင်ရှင်တစ်ဦးက ပြောကြားသည်။
မင်းဓမ္မပန်းကွင်းအား၂၀၀၁ခုနှစ်တွင်စတင်လုပ်ကိုင် ခဲ့ခြင်းဖြစ်ပြီး မူလမြေ ရှစ်ဧက ကျယ်ဝန်းကြောင်း၊ မူလမြေနေရာမှာတရုတ်သချုႋင်းမြေဖြစ်ပြီးသချုႋင်းပြောင်းရွှေ့သွားခဲ့ပြီးနောက်ပိုင်း ပျိုးဥယျာဉ်လုပ်ငန်းများ လုပ်ဆောင်ရန် စည်ပင်နှင့် ဆိုင်ခန်းပိုင်ရှင်များ ညှိနှိုင်း၍ လုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့လယ်ရှိ မြို့လယ်ဗဟိုစီးပွားရေးဇုန်သည် သိပ်သည်းမှုများပြားနေသည့်အတွက် ယင်းနေရာကိုခွဲထုတ်ရန် ရန်ကုန်မြို့ပြ ပညာရှင်များက အကြံပြုခဲ့ကြရာ ဒုတိယမြို့လယ်ဗဟိုစီးပွားရေးဇုန်အဖြစ် ရန်ကုန် မြောက်ပိုင်း မရမ်းကုန်းမြို့နယ် မင်းဓမ္မနယ်မြေတွင် ဒုတိယဗဟိုစီးပွာရေးဇုန်ကို ဖော်ဆောင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး အကောင်အထည်ဖော်ဆောင်မည့် ကုမ္ပဏီကို တင်ဒါခေါ်ယူခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Ref : Eleven Media Group
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ