By Eleven Media Group, Shweproperty.com
Updated at 12 January 2016
မင်္ဂလာဈေးမီးလောင်မှုကြောင့် ယင်းဈေးအနီးရှိ ရွှေမင်္ဂလာဈေးသစ်ကြီးတွင် ဆိုင်ခန်းငှားရမ်းခ တစ်လလျှင် ကျပ်သိန်း ၂၀ အထိ ပေါက်ဈေးဖြစ်ပေါ်ခဲ့ပြီး ငှားရမ်း၍ပင် မရတော့ကြောင်း မင်္ဂလာဈေး ဆိုင်ခန်းပိုင်ရှင် အသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။
မင်္ဂလာဈေး မီးမလောင်မီက အဆိုပါဈေးတွင် ဆိုင်ခန်းငှားရမ်းခ တစ်လလျှင် ကျပ်တစ်သိန်း၊ နှစ်သိန်းသာ ရှိခဲ့ရာမှ ယခု မင်္ဂလာဈေး မီးလောင်ပြီးချိန်တွင် ဆိုင်ခန်း ငှားရမ်းခများ တစ်ဟုန်ထိုး မြင့်တက်သွားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
ရွှေမင်္ဂလာ ဈေးသစ်ကြီးသည် လွန်ခဲ့သည့် တစ်နှစ်ဝန်းကျင် ၂၀၁၅ ခုနှစ် မတ် ၂၅ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး စည်ကားမှု မရှိခဲ့ခြင်းကြောင့် ပရိုးမိုးရှင်း အစီအစဉ်များဖြင့် ဆွဲဆောင်နေရသည့် ဈေးလည်းဖြစ်သည်။
အဆိုပါဈေးကြီးအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုတို့ အကျိုးတူ ပူးပေါင်းဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုကုမ္ပဏီ အစီအစဉ်ဖြင့် ရောင်းချမည့် ဆိုင်ခန်းဈေးနှုန်းများလည်း သိသာစွာ မြင့်တက်သွားခဲ့သည်ဟု မင်္ဂလာဈေး ဆိုင်ခန်းပိုင်ရှင် အသိုင်းအဝိုင်းမှ သိရသည်။
“ရွှေမင်္ဂလာဈေးက လုံးဝကို မစည်တာ။ မစည်လို့တောင် လျှော့ဈေးတွေ၊ ပရိုမိုးရှင်းတွေနဲ့ လုပ်နေရတာ။ အခုတော့ ငှားခဈေးတွေက တော်တော်ကိုတက်သွားတယ်။ အချို့ဆိုင်တွေ သိန်း ၂၀ အထိဖြစ်တယ်။ ပထမထပ်မှာ တစ်လ ၁၀ သိန်း၊ ဒုတိယထပ်ဆိုရင် ခုနစ်သိန်း ဖြစ်သွားတယ်။ ဒါကတော့ ဆိုင်ခန်း အပိုင်ဝယ်ထားတဲ့သူတွေက ဈေးမြှင့်လိုက်တာပေါ့။ ဒါပေမဲ့ အဲဒီဈေးနဲ့ပေးပြီး ငှားတာတောင် ငှားဖို့အခန်း မရှိတော့ဘူး။ ဈေးထဲမှာ မရောင်းရသေးတဲ့အခန်းတွေလည်း ရှိတယ်။ အဲဒီအခန်းတွေလည်း ဈေးတွေ တော်တော်ကို တက်ကုန်တာ”ဟု မင်္ဂလာဈေး မြေညီထပ်မှ ဆိုင်ခန်းပိုင်ရှင် ကိုနေမျိုးက ပြောကြားသည်။
ယခု မီးလောင်ခံရသည့် မင်္ဂလာဈေးမှ ဆေးဆိုင်များအား ရွှေမင်္ဂလာဈေးသစ်ကြီးရှိ ကားပါကင် နေရာများတွင် ယာယီဈေးနေရာ ပေးမည် ဖြစ်သောကြောင့် ယင်းနှင့် ဆက်စပ်၍ ဆိုင်ခန်းအများစုက ရွှေမင်္ဂလာ ဈေးသစ်ကြီးတွင်သာ ငှားရမ်း လိုနေကြခြင်းဖြစ်ရာ ယင်းအတွက် ဈေးနှုန်းများမှာ အဆမတန် မြင့်တက်နေရခြင်းလည်းဖြစ်ကြောင်း ဆိုင်ခန်းပိုင်ရှင်အချို့က ဆိုသည်။
အလားတူ ရွှေပြည့်စုံဈေး၊ မင်္ဂလာမွန်ဈေးများရှိ ယခင် ပစ္စည်းဂိုဒေါင်သဘောမျိုး လုပ်သည့် ဆိုင်ခန်းများမှာ ယခင်ငှားရမ်းခ သောင်းဂဏန်းမှ ယခု ကျပ်ငါးသိန်း၊ ခုနစ်သိန်း စသည်ဖြင့် မြင့်တက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် မင်္ဂလာဈေးအနီးပတ်ဝန်းကျင်ရှိ လုံး၀ စည်ကားမှု မရှိသော တော်ဝင်ပလာဇာတွင် ယခုဆိုင်ခန်း ငှားရမ်းလိုသူများ များပြားနေပြီး အချို့ဆိုင်များမှာ ငှားရမ်း၍ပင် မရတော့ဘဲ ဈေးနှုန်းများလည်း မြင့်တက်နေကြောင်း စုံစမ်းသိရသည်။
“အရင်တစ်ခေါက် မီးလောင်တုန်းက ယာယီဈေးကို ဖြစ်သလိုပေးခဲ့တာ။ ဒါကြောင့် လူတွေက ဆိုင်ခန်းလေးနဲ့ ပြန်ဖွင့်ချင်တယ်။ ဖြစ်သလို မရောင်းချင်ကြဘူး။ ယုဇနပလာဇာကိုတော့ ဆိုင်ခန်းပိုင်ရှင်တွေက သိပ်မသွား ချင်ကြဘူး။ ဒါကြောင့် တော်ဝင်ပလာဇာမှာ ဆိုင်ခန်းမရမှာစိုးလို့ အသည်းအသန်ကို လိုက်ငှားနေကြတာ”ဟု မင်္ဂလာဈေးမြေညီထပ်မှ အထည်ပိုင်ရှင်တစ်ဦးဖြစ်သူ ကိုမောင်မောင်က ပြောကြားသည်။
အချို့ဆိုင်ခန်းများအနေဖြင့် ဆိုင်ခန်းငှား၍ပင် မရတော့သဖြင့် မိမိနေအိမ်ရှေ့တွင်သာ ဆိုင်ဖွင့်၍ အရောင်းအဝယ်ပြုလုပ်ရန် စီစဉ်နေကြောင်းလည်း စုံစမ်းသိရသည်။
Ref : Eleven Media Group
Photo Credit : EMG
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ