By EMG, Shweproperty.com
Updated at 27 October 2013
ရန်ကုန်မြို့လယ်နှင့် နီးကပ်နေသည့် မင်္ဂလာတောင်ညွန့် စီးပွားရေး အဆောက်အအုံများ စီမံကိန်းအတွက် မြေငှားရမ်း လုပ်ကိုင်လိုသော ပုဂ္ဂလိက ပြည်တွင်းပြည်ပ ကုမ္ပဏီများကို တင်ဒါခေါ်ယူထားရာ စိတ်ဝင်စား၍ တင်ဒါလျှောက်လွှာ ဝယ်ယူထားသည့် ပြည်တွင်းနာမည်ကြီး ကုမ္ပဏီများ အပါအဝင် ကုမ္ပဏီ ၁၇ ခုအထိ ရှိနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်တီမှ သိရသည်။
စီးပွားရေးအရ ဖွံ့ဖြိုးလာမည့် အလားအလာများကို မျှော်မှန်း၍ ပြည်တွင်းနှင့်အတူ ပြည်ပလုပ်ငန်းရှင်များကိုပါ ပါဝင်နိုင်ရန် ရည်ရွယ်၍ မင်္ဂလာတောင်ညွန့် စီးပွားရေး အဆောက်အအုံများ စီမံကိန်းကို ဗိုလ်မင်းရောင်လမ်းနှင့် မြန်မာ့ဂုဏ်ရည်လမ်း၊ မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ မြေဧရိယာ ၈ ဒသမ ၅၁၈ ဧကပေါ်တွင် အကောင်အထည် ဖော်မည်ဖြစ်ပြီး စီမံကိန်းတွင် ဟိုတယ်၊ ကွန်ဗင်းရှင်းစင်တာ၊ ပြခန်းကြီးများ၊ ကဇာတ်ရုံများ၊ ရုပ်ရှင်ရုံများ၊ စားသောက်ဆိုင်ကြီးများ၊ အီလက်ထရွန်နစ် စင်တာများ၊ အရောင်းပြခန်းမကြီးများ (Shopping Mall)၊ ရုံးခန်းအဆောက်အအုံများနှင့် လူနေကွန်ဒို တိုက်ခန်းများ တည်ဆောက်လုပ်ကိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထားသည်။
ယင်းစီမံကိန်းအတွက် မြေငှားရမ်းရန် လုပ်ကိုင်လို၍ လျှောက်လွှာဝယ်ယူထားသည့် ကုမ္ပဏီ ၁၇ ခုတွင် ပြည်ပနှင့် ပြည်တွင်းဖက်စပ် ကုမ္ပဏီ အနေဖြင့် Daiwa Housing Industry Co.Ltd (Tokyo) & Shin Ye Htut Construction Management and Developer Co:ltd၊ ပြည်တွင်းရှိ နာမည်ကြီး ကုမ္ပဏီများဖြစ်သည့် Capital Development Co.Ltd၊ A1 Construction၊ Asia Picific Construction၊ New Innovation Co.Ltd၊ Ga Mone Pwint Co.Ltd၊ IGE Co.Ltd အပြင် TDDPC Co.Ltd၊ KYAY "O" KYEE Construction၊ Electrum Construction စသည့် ကုမ္ပဏီများ ပါဝင်ကြောင်း သိရသည်။
"ဒီစီမံကိန်းအတွက် တင်ဒါလျှောက်လွှာ ကုမ္ပဏီ ၁၇ ခု ရှိနေပါပြီ။ စီမံကိန်းအတွက် တင်ဒါလျှောက်လွှာကို ကျပ် ၁၀ သိန်းနဲ့ ရောင်းတာဆိုတော့ ဝယ်တဲ့ကုမ္ပဏီက စိတ်ဝင်စားလို့ ဝယ်တယ်လို့ပဲ ယူဆတယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ယင်းလုပ်ငန်းအတွက် လုပ်ကိုင်လိုသူများ အနေဖြင့် တင်ဒါနှင့်အတူ တင်ဒါတင်သွင်းမှု အာမခံ စပေါ်ငွေအဖြစ် အမေရိကန်ဒေါ်လာ တစ်သန်းနှင့် သက်တမ်းခြောက်လရှိသော ဘဏ်အာမခံ ပါရှိရမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
Ref : EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ