By Kyu Kyu Ko (T.T.T), Shweproperty.com
Updated at 29 December 2015
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် နှစ် (၃၀) အရစ်ကျဖြင့် ပေးသွင်းနိုင်မည့် အိမ်ရာစီမံကိန်း တစ်ခုအား ဖော်ဆောင်သွားရန် သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးချုပ်က ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင် ဘားအံမြို့ရှိ ဇွဲကပင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည့် အိမ်ရာစီမံကိန်းသစ် မိတ်ဆက်ပွဲမှ သိရသည်။ ၎င်းစီမံကိန်းအား The Infrastructure of Myanmar မှ တာဝန်ယူဖော်ဆောင်သွားမည် ဖြစ်ပြီး လက်ရှိတွင် အိမ်ရာစီမံကိန်း စတင်နိုင်ရန် မြေသားစမ်းသပ်မှုများ လုပ်ဆောင်ရခြင်း မရှိသေးကြောင်း သိရသည်။ "အိမ်ရာစီမံကိန်း ဘယ်တော့စမယ် ဆိုတာကတော့ အတိအကျ မဖော်ပြနိုင်သေးဘူး။ ကျွန်တော်တို့ MoU ထိုးဖို့ လုပ်နေတယ်။ အဲဒီအဆင်းပြီးရင်တော့ မြေသားစမ်းသပ်မယ်။ ပြီးရင်တော့ စီမံကိန်း စတင်နိုင်မှာပါ။ ကျွန်တော်တို့က အိမ်ရာထက် လမ်းတွေ၊ ရေမြောင်းတွေကို ဦးစားပေးစနစ်နဲ့ ဖော်ဆောင်သွားမှာပါ"ဟု The Infrastructure of Myanmar မှ ဒါရိုက်တာ ဦးခင်မောင်တိုးက ပြောသည်။ အဆိုပါစီမံကိန်းမှာ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဘားအံစက်မှုဇုန်အနီးတွင် တည်ဆောက်မည်ဖြစ်ပြီး အကျယ်အဝန်းမှာ မြေဧက (၂၀) ရှိကြောင်း သိရသည်။ ယင်းမြေသည် လယ်ယာမြေ မဟုတ်သည့်အတွက် အရှုပ်အရှင်းကင်းပြီး မြေလွတ်မြေရိုင်း ဖြစ်သည့်အပြင် စက်မှုဇုန်စတင်တည်စဉ် က စက်မှုဇုန် လုပ်သားများအတွက် တည်ဆောက်ပေးရန် လျာထားသည့် စက်မှုလုပ်သားများရွာ နေရာတွင် ဖြစ်ကြောင်းသိရသည်။ "လက်ရှိမှာ အဲဒီနေရာက အမည်ခံနေရာ ဖြစ်နေတယ်။ မြေလွတ်မြေရိုင်းနေရာ ဖြစ်နေတော့ လျော်ကြေးကိစ္စ ရှင်းတယ်။ ဒါပေမယ့် အခု အဲဒီနေရာကို တစ်ဧက သိန်း (၁၃၀)ပေးသွင်းရမယ် ကျွန်တော့်ဆီမှာ ရောက်လာတဲ့ စာမှာခေါင်းစဉ်က စီမံခန့်ခွဲမှု ရန်ပုံငွေဖြစ်နေတာကြောင့် ငွေသွင်းဖို့ ပြန်လည် ဆွေးနွေးနေပါတယ်။ တကယ်ဆို မြေရောင်းတယ်ဆိုတဲ့ ခေါင်းစဉ်မျိုး ကမှဖြစ်သင့်တာပါ"ဟု ဦးခင်မောင်တိုးက ပြောသည်။ ယင်းအိမ်ရာစီမံကိန်း အတွက် ကုန်ကျစရိတ်အနေဖြင့် ကျပ် ၂၅ ဒသမ ၆ ဘီလီယံခန့် ကုန်ကျနိုင်ကြောင်း ခန့်မှန်းတွက်ချက်ထားပြီး အိမ်ခန်းပေါင်းအကျယ် ပေ (၂၀×၃၀) ရှိပြီး၊ စတုရန်းပေ (၆၀၀) အကျယ်ရှိသည့် အခန်းပေါင်း ၂,၅၆၀ ခန်းဆောက်လုပ်သွားမည် ဖြစ်သည်။ ထို့နောက် ယင်းစီမံကိန်းအား နှစ်နှစ်အတွင်း အပြီးသတ် အကောင်အထည် ဖော်သွားမည်ဖြစ်ရာ တိုက်ခန်းတစ်ခန်းအား တစ်လလျှင် ကျပ် (၃၀,၀၀၀) နှုန်းဖြင့် နှစ် (၃၀) အရစ်ကျ ပေးသွင်းကာ ဝယ်ယူနိုင်မည် ဖြစ်ကြောင်းသိရသည်။ "အခန်းတိုင်းကတော့ ဈေးနှုန်းက အတူတူပါပဲ။ ဆောက်လုပ်မှာကလည်း တစ်တိုက်ကို လေးထပ်နှုန်းနဲ့ ဆောက်လုပ်မှာ ဖြစ်တယ်။ နှစ် (၃၀) စီမံကိန်းနဲ့ အကြွေးရောင်းမှာ ဖြစ်တာကြောင့် သေချာပါတယ်။ နှစ် (၃၀) အတွင်း ပျက်စီးနိုင်မှု လုံးဝမရှိပါဘူး"ဟု မြဌေးကြွယ်လင်း ကုမ္ပဏီအုပ်ချုပ်မှု ဒါရိုက်တာ ဦးစောသန်းမြက ပြောသည်။ ၎င်းအိမ်ရာအတွင်း ပါရှိသည့် တိုက်ခန်းတိုင်းတွင် အိပ်ခန်း တစ်ခန်း၊ ရေချိုးခန်း၊ အိမ်သာ ပါရှိပြီး မီးဖိုချောင်နောက်တွင် အမှိုက်စွန့်ပစ်သည့် စနစ်ကိုပါ တပ်ဆင်ပေးသွားမည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း လျှော့နည်းစေမည်ဖြစ်ကြောင်း သိရသည်။ The Infrastructure of Myanmar အနေဖြင့် အိမ်ရာစီမံကိန်းများကို မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်း ဒေသကြီး (၁၄) ခုတွင် အခန်းပေါင်း နှစ်သန်းခန့် ဆောက်လုပ်သွားရန်ရည်ရွယ်ပြီး ပထမဆုံးအနေဖြင့် ကရင်ပြည်နယ်တွင် စတင်မည်ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး တွင်လည်း အိမ်ရာစီမံကိန်း ဖော်ဆောင်သွားရန် ခွင့်ပြုစာ ထွက်ရှိပြီးသား ဖြစ်ကြောင်း၊ ယင်းဒေသများတွင် စီမံကိန်းများ ပြီးစီးပါက လူနေသိပ်သည်းသည့် ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင်လည်း ယင်းစီမံကိန်းလုပ်ဆောင်ရန် လျှောက်ထားခဲ့သော်လည်း မြေနေရာအခြေအနေကြောင့် စီမံကိန်းအကောင်အထည်ဖော် လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ Ref : Kyu Kyu Ko (T.T.T)
Photo Credit : The Trade Time
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ