By 7daydaily, Shweproperty.com
Updated at 16 September 2016
ရေဘေးအန္တရာယ်ကြုံ တွေ့နေရပြီး စီးပွားရေးတုံ့ဆိုင်းနေချိန်တွင် မြန်မာနိုင်ငံ၌ငွေကြေးဖောင်းပွမှု ၁၂ ဒသမ ၁၄ ရာခိုင်နှုန်းရှိကြောင်း ဗဟိုဘဏ် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ရွေးကောက်ပွဲ ၊ အစိုးရအပြောင်းအလဲ အချိန်ကြာမြင့်ခြင်း၊ အစိုးရ၏ တိကျသောစီးပွား ရေးမူဝါဒ မချမှတ်နိုင်ခြင်း၊ ဇူလိုင်မှစပြီး တိုင်းနှင့်ပြည်နယ် ၁၁ ခုတွင် ရေကြီးနစ်မြုပ်ခြင်းများကြောင့် မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှု မြင့်တက်စေခြင်းဖြစ်သည်ဟု စီးပွားရေးပညာရှင်အချို့က ပြောသည်။
‘‘တိုင်းပြည် စီးပွားရေးအတွက် အလားအလာမကောင်းဘူး လို ပြောရမှာပဲ’’ဟု စီးပွားရေး ပ ညာရှင် ဦးဇော်ဖေဝင်းက ပြော ကြားသည်။
မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ၂၀၁၅ - ၁၆ဘဏ္ဍာနှစ်ကုန်က ၁၁ ဒသမ ၄၄ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဗဟိုစာရင်းအင်းအဖွဲ့စာရင်းများအရ သိရသည်။ ထို့ကြောင့် အရပ်သားအစိုးရသက်တမ်း ရက်တစ်ရာကျော်အတွင်း ငွေကြေးဖောင်းပွမှု ၁ ရာခိုင်နှုန်း ထပ်မံတိုးမြှင့်လာသည်။
‘‘မြန်မာငွေတန်ဖိုးကကျပြီး ကုန်ဈေးနှုန်းက တက်ဦးမှာပဲ’’ ဟု စီးပွားရေးပညာရှင် ဦးလှမောင်က ပြောသည်။
ငွေကြေး ဖောင်းပွမှုနှုန်းမြင့်မားနေသဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လာရောက်မှုလျော့နည်းမည်ကို စိုးရိမ်ကြောင်း စီးပွားရေးပညာရှင် အချို့က ဆိုသည်။ ငွေကြေးဖောင်းပွမှုကြောင့် ပြည်တွင်းသုံးငွေတန်ဖိုး ကျဆင်းသဖြင့် အကျိုးအမြတ်နည်း၍ နိုင်ငံခြားသားလုပ်ငန်းရှင်များက လက်ရှောင် တတ်ကြောင်း ဦးဇော်ဖေဝင်းက သတိပေးပြောလာသည်။
အရပ်သားအစိုးရ စတင်တာဝန်ထမ်းဆောင်ပြီး လေးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာသန်း ၃၈၀ ကျော် ဝင်ရောက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနစာရင်းများအရ သိရသည်။
ဖွံ့ဖြိုးမှုအားကောင်းသော နိုင်ငံများတွင် ငွေကြေးဖောင်းပွလျှင် ကုန်ထုတ်လုပ်မှုများမြင့် တက်လာသော်လည်း မြန်မာနိုင်ငံအနေဖြင့် ပြောင်းပြန် အခြေအနေမျိုး ကြုံတွေ့နေရသည်။ လက်ရှိ ငွေကြေးဖောင်းပွမှု မြင့်တက်နေချိန်တွင် ကုန်ထုတ်လုပ်မှုကျဆင်းပြီး စီးပွားရေးတုံ့နှေးနေမှုသည် အနာဂတ်အတွက် သတိထား စရာဖြစ်လာသည်ဟု စီးပွားရေး ပညာရှင်အချို့ကဆိုသည်။
Ref & Photo Credit : 7daydaily
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ