By ရွက်စိမ်း, Shweproperty.com
Updated at 21 February 2013
ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေ အရောင်း၊ အဝယ်၊ အငှား ကဏ္ဍမှာ အကျိုးဆောင်တွေ၊ အရပ်ပွဲစားတွေက အဓိက အရေးပါတဲ့နေရာမှာ ရှိနေပါတယ်။ အိမ်ငှားဖို့ ဝယ်ဖို့အတွက် သူတို့နဲ့ မလွတ်ကင်းနိုင်ပါဘူး။ ကြားခံ အကျိုးဆောင်တွေ မပါဘဲ ဖြစ်မြောက်တယ် ဆိုတာက ရန်ကုန် အိမ်ခြံမြေ ဈေးကွက်မှာ ရှားပါးလာပါပြီ။
အိမ် ခြံ မြေ ရောင်း/ဝယ်/ငှားရာမှာ ကြားခံ ဆက်သွယ်ဆောင်ရွက်ပေးတဲ့ လုပ်ငန်းအတွက် စနစ်တကျ ဆောင်ရွက်ဖို့ ရုံးခန်းတွေ ဘာတွေနဲ့ လုပ်ကိုင်နေတာကို အကျိုးဆောင် လုပ်ငန်းလို့ အမည်တပ်ပါတယ်။ သူတို့က ပွဲစားလုပ်ငန်း ဖြစ်ပေမယ့် သူတို့ကို ပွဲစားလို့ ခေါ်ရင် အများအားဖြင့် မကြိုက်ကြဘူးလို့ သူတို့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ (အလုပ်ခန်း ရုံးခန်းမဖွင့်ဘဲ၊ ဝန်ထမ်းမငှားဘဲ ရပ်ကွက်ထဲမှာ တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေတဲ့ သူတွေကိုတော့ အရင်လို ပွဲစားလို့ ခေါ်နေကြဆဲ ဖြစ်ပါတယ်။ )
သူတို့ဟာ ရန်ကုန်မြို့အနှံ့ အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း၊ ကွန်ဒို စတာတွေအထိ ရောက်တယ်၊ မိမိတို့ကုမ္ပဏီရဲ့ လက်ကမ်းစာစောင်တွေ ဝေတယ်၊ အချက်အလက်စုကြတယ်လို့ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှာ လုပ်ကိုင်သူ တဦးဖြစ်တဲ့ မငုဝါက ပြောပါတယ်။
“နေ့တိုင်း တစ်မြို့လုံးကို မာကတ်တင်း လိုက်ဆင်းရပါတယ်။ အဲလို ဆင်းနေတဲ့အချိန်မှာ အိမ်ရောင်းတာ၊ ရောင်းတာတွေဟာ ကိုယ့်လုပ်ငန်းမှာ အပ်ထားသလို တခြား အကျိုးဆောင်တွေဆီမှာလည်း အပ်ထားတာ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် တခြား အကျိုးဆောင်တွေ နဲ့ ဒေတာ (အချက်အလက်)တွေ တူနေတာရှိပါတယ်” လို့ သူက ပြောပါတယ်။
အိမ်ငှားခတန်ဖိုး ကျသင့်တဲ့ တစ်လစာကို အကျိုးဆောင်ခ/ပွဲခ ပေးရမှာ ဖြစ်ပါတယ်။ အိမ်လခက တလ တသိန်း ဆိုရင် အကျိုးဆောင်ခ/ပွဲခကလည်း တသိန်း ဖြစ်ပါတယ်။
အိမ်ငှားသူ စိတ်ကြိုက် လိုချင်တဲ့ အမျိုးအစားတွေ ပြောပြရမှာ ဖြစ်ပါတယ်။ အိမ်ငှားဖို့ သဘောတူစဉ်က ပါရှိတဲ့ အချက်တွေ နဲ့ မကိုက်ညီရင်တော့ အကျိုးဆောင်တွေက တာဝန်ယူပေးတယ်လို့ ဆိုပါတယ်။ အရပ်ဘက် ပွဲစားအချို့ကတော့ ဒါမျိုးတွေကိုတာဝန်မယူဘူးလို့ သိရပါတယ်။
“ကျွန်မကတော့ အိမ်ငှားဖို့အတွက် ပွဲစားကို အပ်လိုက်တယ်။ နှစ်ယောက်ထဲ နေမှာ ဖြစ်လို့ အိမ်ရှင်နဲ့ တွဲလျက် အခန်းတစ်ခန်းပဲ ငှားလိုက်တယ်။ ငှားရမ်းတုန်းက ကြားထဲက ပွဲစားတစ်ယောက်က စပ်ပေးတာပါ။ အဲဒီမှာလည်း နေတော့ အရင်က သဘောတူထားတဲ့အတိုင်း မီတာခ တစ်ယောက် တစ်ဝက်ကျခံ ရမယ်ဆိုတာက မဟုတ်တော့ဘဲ မီတာခကို ပိုတောင်းတယ်။ ပြီးရင် ကျွန်မတို့ ငှားထားတဲ့အခန်းထဲကို အကြောင်းပြချက်ရှာပြီး သူတို့ ပစ္စည်းတွေ လာထည့်တယ်။
နောက်တော့ စာချူပ် တောင် မပြည့်သေးဘူး သူတို့ နောက်တင်မယ့် လူက ဈေးပိုပေးလို့ ဆိုပြီး ကျွန်မတို့ကို ပြောင်းခိုင်းတော့တယ်။ ရန်လည်း မဖြစ်ရဲတာကြောင့် နောက် တစ်လုံးပဲ ရှာလိုက်တော့တယ်” လို့ ကမာရွတ်မြို့နယ် ပြည်ရိပ်မွန်တိုက်ခန်းမှာ ငှားနေခဲ့တဲ့ မဝင်းသန်း ကပြောပါတယ်။
အိမ်ငှားနေလိုသူတချို့လည်း ပွဲခ/အကျိုးဆောင်ခ အတွက် အကုန်အကျ မခံလိုပါဘူး။
“ပွဲစားကို မပေးချင်လို့ ကိုယ်တိုင်ရှာတော့လည်း အိမ်ငှားမယ့်သူတွေက ဟိုပွဲစားနဲ့ ချိတ်ထားလို့ ဒီပွဲစားနဲ့ ချိတ်ထားလို့ ဆိုပြီး မငှားဘူး။ သူတို့ ချိတ်ထားတဲ့ ပွဲစားကိုပဲ သွားရှာရတယ်” လို့ အိမ်အခန်းငှားနေထိုင်သူ တစ်ဦးက ပြောပါ တယ်။
အိမ်ရှင်နဲ့ အိမ်ငှား တိုက်ရိုက်တွေ့ တာတောင် ငှားလို့မရဘဲ ပွဲစားတစ်ဆင့်ခံနဲ့မှ ငှားလို့ရတယ် ဆိုတော့ မလိုအပ်တဲ့ ကုန်ကျစရိတ်တွေ ကုန်ကျတာပေါ့ လို့ သူက ဆက်ပြောပါတယ်။
အကျိုးဆောင်အားကိုးကြသူ အများအပြား ရှိပေမယ့် တချို့အတွက်တော့ အဆင်မပြေတာကို တွေ့ရ ပါတယ်။ အိမ်ငှားရမ်းခအတွက် အကျိုးဆောင်တွေ ကဝန်ဆောင်မှု အဖြစ်ငှားရမ်းခ တစ်လစာကို အိမ်ရှင်ရော အိမ်ငှားဘက်ကပါ ယူတယ်၊ ရောင်းမယ် ဆိုရင်တော့ အိမ်ရောင်းမယ့်သူဆီကနေ ၂ ရာခိုင်နှုန်း ယူတယ်လို့ ရွှေဂုံတိုင်မှာ ရှိတဲ့ အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီက တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။
ရန်ကုန်မြို့မှာ အိမ်တစ်လုံး တိုက်ခန်းတစ်ခန်းပဲ ဖြစ်ဖြစ် ဝယ်ယူမယ်၊ ငှားရမ်းမယ်ဆိုရင်တော့ အကျိုးဆောင် တွေ မပါဘဲ ရနိုင်ဖို့က မလွယ်ကူပါဘူး။ ရန်ကုန်မြို့ရဲ့ အိမ်၊ ခြံမြေ ဈေးကွက်ကတော့ သူတို့လက်ထဲမှာ အများဆုံးရှိနေပြီး သူတို့ရဲ့ ဖြန့်ကျက်ထားမှုကလည်း ကျယ်ပြန့်နေကြောင်း သိရပါတယ်။
Source : Irrawady Blog
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ